စာရေးသူသည် ကရင်ပြည်နယ် အခြေစိုက် သတင်းသမားတစ်ဦးဖြစ်ပြီး ဤ ဒိုင်ယာရီကို ရေးသားရန် လေတံခွန် ပုံပြင်များမှ ပံ့ပိုးကူညီပါသည်။
ဧပြီ ၁၈။
သင်္ကြန်အတက်နေ့ရဲ့ နေပူပူအောက်မှာ ဒီနေရာကို ကျနော်ရောက်ခဲ့တယ်။ ဒီနေရာကို လာချင်လို့ကို နယ်စပ်ကူးပြီး တကူးတက လာခဲ့တာ။ တစ်ဖက်နိုင်ငံထဲမှာဆိုပေမယ့် အလာတုန်းက လမ်းမကြီးဘေး တချို့နေရာတွေမှာ ရွှေ့ပြောင်းအခြေချသူတွေ ရေကစားနေကြတာတွေ့တယ်။ မြန်မာပြည်ကနေ နယ်စပ်ဖြတ်မောင်းလာတဲ့ လိုင်စင်မဲ့ဆိုင်ကယ်ကို ဝင်ပေါက်မှာ ထားခဲ့ပြီး အထဲကို ကျနော် ဝင်သွားလိုက်တယ်။
ဒီနေရာဟာ ရန်ကုန်ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုလိုပဲ အိမ်ခြေတွေ ကျပ်ညပ်တယ်။ ဝင်ထွက်ပေါက်နားက အိမ်တစ်လုံးရဲ့ ခြံစည်းရိုးကပ်လျက်နေရာတစ်ခုမှာ တုတ်ထိုးဆိုင်လေးကို တွေ့လိုက်တယ်။
အပြင်အဆင်က ပုံမှန်တုတ်ထိုးဆိုင်တွေလိုပဲ ဆိုပေမယ့် စားပွဲပေါ်မှာ ငရုတ်ဆီအချဉ်ရည်နှစ်ဘူးသာ ရှိပုံထောက်ရင် သိပ်ရောင်းကောင်းပုံ မရဘူး။ ဒါပေမဲ့ တုတ်ထိုးကို ဆိုင်မှာ ဒီလိုမျိုး စားခွင့်ကြုံတယ်ဆိုတာ စစ်အာဏာသိမ်းမှုကြောင့် တော်လှန်ရေးနယ်မြေထဲ တိမ်းရှောင်လာတဲ့ ကျနော့်အဖို့ ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း ဒုတိယအကြိမ်ပါ။
ကျနော်ခိုလှုံနေတဲ့ဒေသက ကရင်လူမျိုးတွေဟာ တုတ်ထိုးထက် အသားတွေ၊ ကလီစာတွေ၊ သွေးတွေ ရောထားတဲ့ စိမ်းကောကို ပိုကြိုက်ကြတော့ တုတ်ထိုးစားခွင့် မကြုံခဲ့ဘူး။
![]()
၃ ပေပတ်လည်သာသာရှိတဲ့ တုတ်ထိုးဗန်း အရှေ့မှာ လာစားသူတွေထိုင်ဖို့ လူနှစ်ယောက်လောက်ပဲ ချောင်ချောင်ချိချိ ထိုင်နိုင်တဲ့ ထိုင်ခုံရှည်လေးတွေ ရှိတယ်။ ဗန်းအနောက်ဘက်မှာ ထိုင်နေတဲ့ တုတ်ထိုးသည်ဟာ ပိန်ပိန်ပါးပါး အသားလတ်ပြီး ကျောင်းဆရာတစ်ယောက်ပုံစံနဲ့ ဆင်တူတယ်။
တုတ်ထိုးမယ့် အသားတွေဟာ အထားခံအောင်လုပ်ထားတာကြောင့် ခပ်မာမာလည်း ဖြစ်နေသေးတယ်။ တချို့အသားတွေဆို အလွယ်တကူ ဝါးမရအောင်ကို မာတယ်။ တုတ်ထိုးတစ်ချောင်းစ နှစ်ချောင်းစ စားပြီးတဲ့အခါ ကျနော်ကပဲ မိတ်ဖွဲ့ရင်း တုတ်ထိုးရောင်းတဲ့ သူ့အကြောင်း မေးကြည့်ဖြစ်တယ်။
“ဒါလေးရှိလို့ ခံသာတာ၊ တချို့တွေ အဆင်မပြေကြတော့ဘူး” လို့ သူ့ရှေ့တည့်တည့်မှာရှိနေတဲ့ တုတ်ထိုးဗန်းရဲ့ အရေးပါပုံကို ကျနော့်ကို ပြောပြတယ်။ လူဦးရေပေါင်း ၁၄,၀၀၀ ကျော်ရှိတဲ့ ဒီဒုက္ခသည်စခန်းကြီးထဲမှာ သူတို့မိသားစု ၆ ယောက်နေကြတယ်။ “ဒီကိုရောက်လာတာ သုံးနှစ်ရှိပြီ၊ အမျိုးသမီးက CDM လေ” လို့ သူ့နောက်ကြောင်းတစွန်းတစကို ဖွင့်ဟတယ်။
ရောက်စနဲ့ ယှဉ်ရင် အခုနှစ်ပိုင်းတွေမှာ ပိုကျပ်တည်းလာတယ်လို့လည်း သူက ပြောသေးတယ်။ ဒုက္ခသည်စခန်းတွေကို အခြေခံရိက္ခာဖြစ်တဲ့ ဆန်၊ ဆီနဲ့ မီးသွေးလို အထောက်အပံ့တွေ ဖြတ်တောက်လိုက်ခြင်းဟာ သူ့ကို တုတ်ထိုးသည်ဘဝ ရောက်သွားစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခု။ တုတ်ထိုးရောင်းသက် ၄ လ အတွင်း အသားတွေ ကလီစာတွေကို တညီထဲဖြစ်အောင် ပါးပါးလေးလှီးတတ်လာပုံတော့ရတယ်လို့ ဗန်းထဲက တုတ်ထိုးတွေကိုကြည့်ပြီး ကျနော်တွေးလိုက်သေးတယ်။
![]()
“မီးသွေးတစ်အိတ် ဘတ် ၂၀၀ (မြန်မာငွေ ၂၀, ၀၀၀ ကျော်)” ဖြစ်နေပြီလို့ သူက ညည်းတွားပေမယ့် တုတ်ထိုးဟင်းရည်တွေ ပူနေအောင်တော့ မီးမပြတ်ထည့်ထားပေးလို့ ခပ်နွေးနွေးလေး သောက်ခွင့်ရတယ်။
သားသမီး ၃ ယောက်စာ ကျောင်းအပ်ခ တစ်ဦးကို ထိုင်းဘတ်ငွေ ၁,၀၀၀ (မြန်မာငွေ ၁၀၀,၀၀၀ ကျော်) ဆိုတာ သူတို့လို မိသားစုအတွက် လေးလံတဲ့ဝန်တစ်ခုပါပဲ။ စစ်ကိုင်းတိုင်းကနေ ထိုင်းနိုင်ငံထဲက ဒီဒုက္ခသည်စခန်းကို ရောက်လာတာကလည်း သူတို့ဒေသရဲ့ မအေးချမ်းတဲ့အခြေအနေတွေကြောင့်လို့ ဆိုတယ်။
“ကျနော်တို့ကမှ အပြင်က (နိုင်ငံခြားရောက်ဆွေမျိုးသားချင်း) ထောက်ပံ့ပေးတာလေးရှိလို့ ခံသာတာ” လို့ တုတ်ထိုးအတွက် အသားတွေ လှီးနေရင်းက သူ့အသားတွေထက် လုံးပါးပါးနေတဲ့ ထိုင်းနိုင်ငံရောက် ဘဝတူဒုက္ခသည်တွေအကြောင်း ကျနော့်ကို ပြောပြတယ်။
သူနေထိုင်တဲ့ နို့ဖိုးဒုက္ခသည်စခန်းဆိုတာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ စစ်တပ်အကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရတဲ့ ကရင်ဒုက္ခသည်တွေအတွက် ၁၉၉၇ ခုနှစ်မှာ စတည်ခဲ့တဲ့ ထိုင်းနိုင်ငံထဲကစခန်း။ အခုဆို စခန်းမှာနေထိုင်ရင်း တတိယနိုင်ငံပြောင်းရွှေ့ခွင့်ရဖို့ မျှော်လင့်ထားကြသူ ၁၅,၀၀၀ နီးပါးရှိနေပြီ။
ကျနော်နဲ့ စကားလက်ဆုံကျနေတဲ့ တုတ်ထိုးသည်ကတော့ ခပ်ရေးရေး တတိယနိုင်ငံအိပ်မက်ထက် သူ့ရဲ့ ပစ္စုပ္ပန်ထဲက တုတ်ထိုးတွေ အမြန်ရောင်းကုန်ရေးကိုသာ လတ်တလော အာရုံစိုက်ထားပုံရတယ်။ ဗန်းထဲက တုတ်ထိုးတွေ လျော့လာလေလေ သူ့အပြုံးတွေ ပိုပီပြင်လာလေလေလို့ ထင်ရတယ်။
![]()
နောက်ထပ်လာစားသူတွေအတွက် နေရာဖယ်ပေးရင်း တုတ်ထိုးသည်ကို နှုတ်ဆက်ပြီး ကျနော် ထွက်လာခဲ့လိုက်တယ်။ အချဉ်ရည်ဘူးပေါ် ပေနေတဲ့ နီရဲရဲအချဉ်တွေကို တုတ်ထိုးသည်က တစ်ရှူးစက္ကူနဲ့ သုတ်လိုက်ပြီး ထပ်ရောက်လာသူတွေအတွက် ချပေးလိုက်တယ်။ ကရင်လို၊ ရှမ်း (ထိုင်း) လို ပြောတတ်သူတွေကြားမှာ ဗမာလိုပြောပြီးရောင်းနေတဲ့ တုတ်ထိုးသည်ဟာ နောက်ထပ်လာစားသူတွေနဲ့ အဖွဲ့ကျပြီး ကျန်နေခဲ့ပါတယ်။
တုတ်ထိုးဆိုင်ရဲ့ မလှမ်းမကမ်းက အုန်းလက်မဏ္ဍပ်လေးတစ်ခုမှာ သီချင်းသံ မတိုးမကျယ်ဖွင့်ထားပြီး ကလေးအချို့ ရေကစားနေကြတယ်။ အခြေခံရိက္ခာတွေ ဖြတ်တောက်ခံထားရတဲ့ ဒီနေရာမှာ မုန့်ဟင်းခါးစတုဒိသာကျွေးပြီး ဒုက္ခရောက်နေသူအချင်းချင်း မျှဝေပေးနေတာမျိုးလည်း တွေ့တယ်။ စတုဒိသာအလှူရှိရာကို ဒုက္ခသည်စခန်းရဲ့ ခပ်လှမ်းလှမ်းမှာ နေထိုင်သူတွေတောင် လာကြတယ်။
မုန့်ဟင်းခါးဟာ ကျနော်အကြိုက်ဆုံးအစားအစာဖြစ်တာကြောင့် သူ့တို့အခေါ်တောင်မစောင့်ဘဲ ဖော့ဘူးနဲ့ အသင့်ခူးခပ်ထားတဲ့ မုန့်ပန်းကန်ကိုဆွဲပြီး အားပါးတရ စားလိုက်တယ်။ ဖက်ကဖောင်းတွေ ကွေ့တယိုတွေသာ အတွေ့ရများတဲ့ ဒီအရပ်မှာ ပူစီနံ၊ ပဲသီး၊ ပဲကြော်၊ ဘဲဥဖတ်တွေပါတဲ့ မုန့်ဟင်းခါးတစ်ခွက်ဟာ ကျနော့်ကို အိမ်လွမ်းစေတယ်။
![]()
အရင်ကဆို ရပ်ဝေးမှာပဲအနေများတဲ့ကျနော့်ရဲ့ အိမ်ပြန်ချိန်တိုင်းမှာ အမေက မုန့်ဟင်းခါးချက်ကျွေးလေ့ရှိတယ်။ တကယ်တော့ အမေ့လက်ရာက သိပ်ကောင်းလှတယ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနှစ်ကာလတွေမှာ လွမ်းရတဲ့အရာများပါပဲ။
မုန့်ဟင်းခါးစားပြီးတော့ ဆိုင်ကယ်ရှိရာ ပြန်လာပြီး လေယာဉ်သံတွေ ဗုံးသံတွေကြားရတဲ့ ကျနော့်ရဲ့တိုင်းပြည်ဘက် မောင်းလာခဲ့လိုက်တယ်။
ထိုင်းနိုင်ငံကနေ နှုတ်ခွန်းဆက်သပါတယ်ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်လိုက်တာနဲ့ ဆိုင်ကယ်က “ဒုန်း” “ဒုန်း” ဆိုပြီး ချိုင့်ခွက်တွေထဲ ကျသွားတဲ့အခါ မြန်မာပြည်ကို ပြန်ရောက်ခဲ့ပါပြီ။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော Songbird ၏ အနုပညာလက်ရာဖြစ်သည်။





