စာရေးသူသည် ကရင်ပြည်နယ် အခြေစိုက် သတင်းသမားတစ်ဦးဖြစ်ပြီး ဤ ဒိုင်ယာရီကို ရေးသားရန် လေတံခွန် ပုံပြင်များမှ ပံ့ပိုးကူညီပါသည်။
ဧပြီ ၁၈။
သင်္ကြန်အတက်နေ့ရဲ့ နေပူပူအောက်မှာပဲ ဒီနေရာကို ကျနော်ရောက်ခဲ့ပါတယ်။
ဒီနေရာကို လာချင်လို့ နယ်စပ်ကိုကူးပြီး တကူးတက လာခဲ့တာပါ။
တဖက်နိုင်ငံထဲမှာဖြစ်ပေမဲ့ လမ်းမကြီးရဲ့တချို့သောနေရာတွေမှာ ရွေ့ပြောင်းအခြေချသူအချို့ ရေကစားနေကြတာရှိပါတယ်။
မြန်မာပြည်ကနေနယ်စပ်ဖြတ်ပြီးမောင်းလာတဲ့ လိုင်စင်မဲ့ဆိုင်ကယ်ကို ဝင်းကြီးရဲ့ ဝင်ပေါက်မှာ ထားခဲ့ပြီး အထဲကို ကျနော် ဝင်သွားလိုက်ပါတယ်။
![]()
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တခုလို အိမ်ခြေတွေ ကပ်ပြီးကျပ်ညှပ်နေတဲ့ နေရာကြီးရဲ့ ဝင်ထွက်ပေါက်အနီးက နေအိမ်တလုံးရဲ့ ခြံစည်းရိုး ကပ်လျှက်နေရာတခုမှာ တုတ်ထိုးဆိုင်လေးကို တွေ့လိုက်ပါတယ်။
အခြားတုတ်ထိုးဆိုင်တွေမှာတွေ့ရတတ်တဲ့ အပြင်အဆင်တွေရှိပေမဲ့ ရောင်းအားကောင်းပုံမရဘူး ဆိုတာကို စားပွဲပေါ်မှာ နှစ်ဘူးသာရှိတဲ့ ငရုတ်ဆီအချဉ်ရည်တွေက သက်သေခံနေပါတယ်။ ဒါ့အပြင် တုတ်ထိုးမဲ့ အသားတွေ အထားခံအောင်လုပ်ထားတဲ့အတွက် ခပ်မာမာလည်းဖြစ်နေပါသေးတယ်။ တချို့ အသားတွေက အလွယ်တကူ ဝါးမရအောင်ကို မာနေတာပါ။
သုံးပေပတ်လည်သာသာရှိတဲ့ တုတ်ထိုးဗန်းရဲ့ အရပ်မျက်နှာသုံးခုစလုံးမှာ လူနှစ်ယောက် လောက်ပဲ ချောင်ချောင်ချိချိထိုင်လို့ရတဲ့ ထိုင်ခုံရှည်လေးတွေ ရှိပါတယ်။
ကျန်အရပ်မျက်နှာတခုမှာ ထိုင်နေတဲ့ တုတ်ထိုးရောင်းသူက ပိန်ပိန်ပါးပါး အသားလတ်ပြီး ကျောင်းဆရာ တယောက်ရဲ့ပုံစံနဲ့ဆင်တူပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် တော်လှန်ရေးနယ်မြေထဲကို တိမ်းရှောင်လာခဲ့ချိန်က ရေတွက်ရင် ငါးနှစ်တာကာလအတွင်းမှာ အခုတကြိမ်ပါရင် တုတ်ထိုးကို ဆိုင်မှာ နှစ်ကြိမ်မြောက်စားခွင့်ကြုံတာပါ။ ကျနော် ခိုလှုံနေထိုင်တဲ့ ဒေသက ကရင်တွေက တုတ်ထိုးထက် အသားတွေ ကလီစာတွေ သွေးရော ထားတဲ့ စိမ်းကောကို ပိုပြီးကြိုက်ကြတဲ့အတွက် တုတ်ထိုးစားခွင့်မကြုံတာပါ။
တုတ်ထိုးတချောင်းစ နှစ်ချောင်းစစားပြီးတဲ့အခါ ကျနော်ကပဲမိတ်ဖွဲ့ရင်း သူ့အကြောင်းကို မေးကြည့်ဖြစ်ပါတယ်။
![]()
“ဒါလေးရှိလို့ ခံသာတာ၊ တချို့တွေ အဆင်မပြေကြတော့ဘူး” လို့ သူ့ရှေ့တည့်တည့်မှာရှိနေတဲ့ တုတ်ထိုးဗန်းရဲ့ အရေးပါပုံကို ကျနော့်ကို ပြောပြပါတယ်။
သူအပါအဝင်မိသားစုဝင် ခြောက်ယောက်ရှိတဲ့ မိသားစုဟာ လူဦးရေပေါင်း တသောင်း လေးထောင်ကျော်ရှိတဲ့ ဒုက္ခသည်စခန်းကြီးထဲမှာ နေကြသူတွေပါ။
“ဒီကိုရောက်လာတာ သုံးနှစ်ရှိပြီ အမျိုးသမီးက CDM” လေ လို့ သူ့ရဲ့နောက်ကြောင်း တစွန်းတစ ကို ဖွင့်ဟပါတယ်။
ဒီကိုရောက်ပြီးနှစ်တွေထဲမှာမှ ဒီနှစ်ပိုင်းတွေမှာ ပိုကျပ်တည်းလာတယ်လို့လည်း သူက ပြောပါ သေးတယ်။
ဒုက္ခသည်စခန်းတွေကို အခြေခံရိက္ခာဖြစ်တဲ့ ဆန်၊ ဆီနဲ့ မီးသွေးလို အထောက်အပံ့တွေ ဖြတ် တောက်လိုက်ခြင်းဟာ သူ့ကို တုတ်ထိုးသည်ဘဝရောက်သွားစေတဲ့အကြောင်းအရာတွေထဲက တခုပါပဲ။
သူ့ရဲ့တုတ်ထိုးရောင်းသက် လေးလအတွင်း အသားတွေ ကလီစာတွေကို တညီထဲဖြစ်အောင် ပါးပါးလေး လှီးတတ်လာပုံရတယ်လို့ ဗန်းထဲက တုတ်ထိုးတွေကိုကြည့်ပြီး ကျနော်တွေးလိုက်ပါတယ်။
![]()
“မီးသွေးတအိတ် ဘတ် ၂၀၀ (မြန်မာငွေ နှစ်သောင်းကျော်” ဖြစ်နေပြီလို့ သူကညည်းတွားပေမဲ့ တုတ်ထိုးအတွက် ဟင်းရည်တွေ ပူနေအောင်တော့ မီးမပြတ်ထည့်ထားပေးတဲ့အတွက် ခပ်နွေးနွေးလေး သောက်ခွင့်ရပါတယ်။
သူပြောပြတဲ့အတွက် သားသမီးသုံးယောက်စာ ကျောင်းအပ်ခ တဦးကို ထိုင်းဘတ်ငွေ တထောင် (မြန်မာငွေ တသိန်းကျော်) ဆိုတာလည်း သူတို့လို မိသားစုအတွက် လေးလံတဲ့ဝန်တခုဆိုတာ သိခဲ့ရ ပါတယ်။
“ကျနော်တို့ကမှ အပြင်က (နိုင်ငံခြားရောက်ဆွေမျိုးသားချင်း) ထောက်ပံ့ပေးတာလေးရှိလို့ ခံသာတာ” လို့ တုတ်ထိုးအတွက် အသားတွေ လှီးနေရင်းက သူ့အသားတွေထက် လုံးပါးပါးနေတဲ့ ထိုင်း နိုင်ငံရောက် ဘဝတူဒုက္ခသည်တွေအကြောင်းကို ကျနော့်ကို ပြောပြပါတယ်။
စစ်ကိုင်းတိုင်းကနေ ထိုင်းနိုင်ငံထဲက ဒုက္ခသည်စခန်းကိုရောက်လာတာကလည်း သူတို့ဒေသရဲ့ မအေးချမ်းတဲ့အခြေအနေတွေကြောင့်လို့ဆိုပါတယ်။
သူနေထိုင်တဲ့နို့ဖိုး ဒုက္ခသည်စခန်းဆိုတာ ထိုင်းနိုင်ငံထဲမှာရှိနေပြီး ၁၉၉၇ ခုနှစ် ကရင်အမျိုးသား အစည်းအရုံး-KNU နဲ့ စစ်တပ် အကြားတိုက်ပွဲကြောင့် ထွက်ပြေးလာသူတွေကို စုစည်းထားတဲ့ နေရာကြီးပါ။
အခုဆိုရင် ဒီနေရာမှာနေထိုင်ရင်း တတိယနိုင်ငံအိပ်မက်မက်နေသူ တသောင်းခွဲနီးပါးရှိနေပါပြီ။
တုတ်ထိုးသည်ကတော့ ခပ်ရေးရေး တတိယနိုင်ငံအိပ်မက်ထက် သူ့ရဲ့ ပစ္စုပ္ပန်ထဲက တုတ်ထိုးတွေ အမြန်ကုန်ရေးကိုသာ လက်တလောအာရုံစိုက်ထားပုံရပါတယ်။ ဗန်းထဲက တုတ်ထိုးတွေ လျော့လာ လေလေ သူ့အပြုံးတွေက ပိုပြီးပြီပြင်လာလေလေပါပဲ။
နောက်ထပ်စားသုံးသူတွေအတွက် နေရာဖယ်ပေးရင်း တုတ်ထိုးသည်ကို နုတ်ဆက်ပြီး ထွက်လာ ခဲ့လိုက်ပါတယ်။
ပထမစားသုံးသူတွေစားခဲ့လို့ ပေနေတဲ့ အချဉ်ရည်ဘူးပေါ်က နီရဲရဲအချဉ်တွေကို တစ်ရှူးစက္ကူနဲ့ သုတ်လိုက်ပြီး နောက်ထပ်စားသုံးသူရှေ့ကို တုတ်ထိုးသည်က ချပေးလိုက်ပါတယ်။
ကရင်လို ရှမ်း(ထိုင်း)လို ပြောတတ်သူတွေကြားမှာ ဗမာလိုပြောပြီးရောင်းနေတဲ့ တုတ်ထိုးသည်က နောက်ထပ်စားသုံးသူတွေနဲ့ အဖွဲ့ကျပြီးကျန်နေခဲ့ပါတယ်။
တုတ်ထိုးသည်ရဲ့ မလှမ်းမကမ်းမှာတော့ သီချင်းသံ မတိုးမကျယ်ဖွင့်ထားပြီး အုန်းလက်နဲ့ လုပ်ထားတဲ့ ရေကစားမဏ္ဍပ်တခုမှာ ကလေးတချို့ ရေကစားနေကြပါတယ်။
![]()
အခြေခံရိက္ခာတွေ ဖြတ်တောက်ထားပါတယ်ဆိုတဲ့နေရာရဲ့ ရေကစားမဏ္ဍပ်ငယ်လေးရဲ့အနားမှာ မုန့်ဟင်းခါးစတုဒိသာကျွေးနေပြီး ဒုက္ခရောက်နေသူအချင်းချင်း မျှဝေပေးနေတာလည်း ရှိပါတယ်။
စတုဒိသာရှိရာကို ဒုက္ခသည်စခန်းရဲ့ ခပ်လှမ်းလှမ်းမှာနေထိုင်သူတွေလည်း လာကြပါတယ်။
မုန့်ဟင်းခါးဟာ ကျနော်အကြိုက်ဆုံးအစားအစာဖြစ်တာကြောင့် သူ့တို့အခေါ်ကိုတောင် မစောင့် ဘဲ ဖော့ဘူးနဲ့ အသင့်ခူးခပ်ထားတဲ့ မုန့်ပန်းကန်ကိုဆွဲပြီး အားပါးတရစားလိုက်ပါတယ်။
ဖက်ကဖောင်းတွေ ကွတ်တယိုတွေသာ အတွေ့ရများတဲ့ တိုင်းပြည်မှာ ပူစီနံ၊ ပဲသီး၊ ပဲကြော်၊ ဘဲဥဖတ်တွေပါတဲ့ မုန့်ဟင်းခါးတခွက်ဟာ ကျနော့်ကို အိမ်လွမ်းစေပါတယ်။
ရပ်ဝေးမှာပဲအနေများတဲ့ကျနော့်ရဲ့ အိမ်ပြန်ချိန်တိုင်းမှာ အမေက မုန့်ဟင်းခါးချက်ကျွေး လေ့ရှိ ပါတယ်။ တကယ်တော့ အမေ့လက်ရာက သိပ်ကောင်းလှတယ်တော့ မဟုတ်ပါဘူး။
မုန့်ဟင်းခါးစားပြီးတဲ့နောက် ဆိုင်ကယ်ရှိရာကို ပြန်လာပြီး လေယာဉ်သံတွေ ဗုံးသံတွေကြားရတဲ့ ကျနော့်ရဲ့တိုင်းပြည်ဘက်ကို မောင်းလာခဲ့လိုက်ပါတယ်။
ထိုင်းနိုင်ငံကနေ နုတ်ခွန်းဆက်သပါတယ်ဆိုတဲ့ ဆိုင်းဘုတ်ကို ကျော်လိုက်တာနဲ့ ဆိုင်ကယ်က “ဒုန်း” “ဒုန်း” ဆိုပြီး ချိုင့်ခွက်တွေထဲကျသွားတဲ့အခါ မြန်မာပြည်ကို ပြန်ရောက်ခဲ့ပါပြီ။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော Songbird ၏ အနုပညာလက်ရာဖြစ်သည်။





