စာရေးသူသည် သတင်းသမား လပြည့် ဤ ဒိုင်ယာရီကို ရေးသားရန် လေတံခွန် ပုံပြင်များမှ ပံ့ပိုးကူညီပါသည်။
ရန်ကုန်ရဲ့ ဧပရယ် နေက တော်တော်ပူပေမယ့် လူအုပ်ကြီးက နေပူထဲမှာပဲ ဆက်ပြီးနေနေတယ်။ ဒီနေ့က ၂၀၂၆ ဧပရယ် ၁၇၊ မြန်မာနှစ်သစ်ကူး နှစ်ဆန်း တစ်ရက်နေ့။ ကျွန်မလည်း သူတို့ကြားထဲမှာ ဒီလိုပဲ နေနေတယ်။
အနီးနားမှာ နေရိပ်တွေ ရှိနေတာ သိသားပဲ။ ဒါပေမယ့် မသွားချင်ဘူး။ ဒီနေရာမှာပဲ နေချင်တယ်။ ကျွန်မဆိုရင် မနက် ၇ နာရီကတည်းက ရောက်နေတာ အခု ၁၀ နာရီခွဲပြီ ဒီအတိုင်းပဲ ရပ်စောင့်နေတုန်းပဲ။ ပြီးတော့ ဒီနေရာက အင်းစိန်ထောင် ရှေ့ဂိတ်တံခါးကြီးနဲ့ အနီးဆုံးနေရာပဲ။ ကားတွေ တန်းစီပြီး မောင်းထွက်လာပြီ ဆိုတာနဲ့ ကျွန်မတို့ သိပြီ။
အဲဒါဆိုရင် ကျွန်မအိမ်ကနေ စဉ်းစားထားတဲ့အတိုင်း ပြင်ဆင်လို့ ရပြီ။ ဝုန်းကနဲ့ လူအုပ်က တိုးလိုက်တာ ခံစားလိုက်ရတယ်။ ဂိတ်ဘက်ကို လှမ်းကြည့်လိုက်တော့ မီနီဘတ်စ် မီးခိုးရောင်တွေ တန်းစီပြီး မောင်းလာပြီ။ ကြည့်နေရင်းနဲ့ ကားတွေက ကားတွေနဲ့မတူတော့ဘူး တိမ်တိုက်ကြီးတွေ မြန်မြန်ဆန်ဆန် ရွေ့လာသလိုပဲ လို့ ကြည့်ရင်းတွေးနေမိသေးတယ်။ ကျွန်မ အိမ်ကနေ စထွက်လာကတည်းက စဉ်းစားလာတာ ရှိတယ်။
ကားတန်းကြီး ဂိတ်ထဲကနေ ထွက်လာပြီး လူအုပ်ကြီးရှေ့ ဖြတ်တာနဲ့ ကျွန်မက “ဒီကားပေါ်မှာ နိုင်ကျဉ်းတွေ ပါလားလို့ မေးမယ်” ပြီးရင် “ဘယ်လို ပုဒ်မတွေနဲ့ လွတ်လာတာလဲလို့ မေးမယ်”။ နောက် ကျမ ခင်မင်ရင်းနှီးခဲ့တဲ့၊ သိခဲ့တဲ့ လူတစ်ချို့ ပါလာသလား ဆိုပြီး နာမည်ပြောပြီး ကားပေါ်က လူတွေကို အသံကုန်အော်ပြီး မေးမယ်။
ကျွန်မဘေးနားက လူတွေလည်း လက်ထဲမှာ ကိုင်ထားတဲ့ သူတို့ ရဲ့ သား၊ သမီး တွေရဲ့ နာမည်ရေးထားတဲ့ စာရွက်တွေ မြှောက်ပြနေကြပြီ။ အသက် ၃၀ လောက်ပဲ ရှိမယ့် မိန်းကလေးတစ်ယောက်က” အမေ ပါလာမှာပါနော်” ဆိုပြီး ဘေးနားက သူ့ညီမလေးကို မေးပြော ပြောလိုက်တယ်။ သူ့လက်ထဲက စာရွက်လေးကတော့ သူ့ခေါင်းပေါ်ကို ကျော်ပြီး မြှောက်ပြထားနှင့်ပြီးသားပဲ။ ပထမကား လာတယ် ကျွန်မတို့တွေ ပြေးတယ်၊ မေးတယ်။ အော်သံတွေ နဲ့ ကျွန်မမေးတာ မတိုးဘူး။
ဒုတိယကားက ခပ်မြန်မြန် မောင်းထွက်သွားတယ်။ ဒါနဲ့ တတိယကား ထွက်လာတော့ မေးမလို့ ပြင်နေတုန်း ကျွန်မ အလွန်ရင်းနှီးတဲ့ မျက်နှာကို မြင်လိုက်ရတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကျော်က ကျွန်မနဲ့ အတူ မိန်းကလေး အချုပ်ဆောင် (မချုပ် ၃) မှာ အတူနေခဲ့ရသူ အစ်မ။ သူထိုင်နေတဲ့ ပြတင်းပေါက်နားကို ပြေးသွားလိုက်တယ်။ သူ့ကို ခေါ်လိုက်တယ်။ အစ်မက လှမ်းမြင်လိုက်တယ်။ ညီမရေ …. ပါတယ်။ နောက်ကားမှာ နောက်ကားမှာ ဆိုပြီး အော်သွားတယ်။
အဲဒါဆိုရင် ကျွန်မ အကြမ်းဖျင်းသိပြီ။ အခုကားပေါ်ကနေ အော်သွားတဲ့ အစ်မက ၅၀◌ည ပုဒ်မ (တော်လှန်ရေး အဖွဲ့တွေကို ငွေကြေးကူညီလို့ ဆိုပြီး ခရိုင်ရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတဲ့သူ) အဲဒီအစ်မ လွတ်လာပြီ ဆိုတော့ မျှော်လင့်ချက် ရှိသေးတယ်။ သဘောကောင်းတဲ့ ကားဆရာတစ်ယောက်က ဘူးဝမှာ ရပ်ပေးလို့ မရဘူး။ အင်းစိန် ပန်းခြံကို လိုက်ခဲ့ပါဆိုပြီး ပြန်အော်သွားတယ်။ အဲဒါကို ကြားတဲ့ လူအုပ်ကြီးထဲက ကျွန်မအပါအဝင် လူတစ်ချို့က အင်းစိန် ကုန်းတံတားကြီးကို နေပူထဲကနေ ဖြတ်ပြီး အင်းစိန် ပန်းခြံဘက်ကို တစ်ခါ ထပ်သွားတယ်။
ကားတွေ ရပ်တယ်။ လူတွေ ချတယ်။ မိန်းကလေး ကား ၃ စီး၊ ပြီးတော့ ယောကျာ်းလေးတွေ ဆင်းလာတယ်။ ဘေးနားမှာ ငိုသံတွေနဲ့ ညံသွားတော့ ကြည့်လိုက်တော့ အစောက ညီမနှစ်ယောက် ဖက်ပြီး ငိုနေကြတယ်။ သူ့အမေကို မတွေ့ဘူး။ အမေ ဒီတစ်ခါလည်း မပါလာ လောက်တော့ဘူးဆိုပြီး အချင်းချင်း ဖက်ငိုနေကြတယ်။
ဒါနဲ့ ကျွန်မလည်း လိုက်ရှာနေခဲ့တယ်။ သေချာပြန်စဉ်းစားကြည့်တော့ ကျွန်မက ဘာကို လိုက်ရှာနေတာလဲ။ တစ်အိမ်လုံးမှာ ကျွန်မတစ်ယောက်ပဲ ထောင်ကျခဲ့တာလေ။ အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ ကျွန်မ ထောင်ကျခဲ့တာလေ။ ကျွန်မအခု ဘယ်သူ့ကို လာရှာတာလဲ။ ကျွန်မ ဘာလို့ ဒီလို နှစ်ဆန်းတစ်ရက်နေ့မှာ အင်းစိန်ထောင်ဘူးဝ ရှေ့ ရောက်လာတာလဲ။ ကျွန်မ စိတ်မလုံလွန်းလို့ပါ။ ကျွန်မက လွတ်ခဲ့ပေမယ့် မလွတ်သေးတဲ့ နိုင်ကျဉ်းတွေ ထောင်၊ သောင်းချီ ရှိနေသေးတာကို သိလို့ စိတ်မလုံလွန်းလို့ ဒီကို လာခဲ့တာပါ။ အနည်းဆုံးတော့ ဒီလိုနေ့မှာ သူတို့နဲ့ အတူ ကျွန်မ ရှိနေတာကို ပြနိုင်တယ်လေ။
နှစ်ဆန်းတစ်ရက်နေ့ လေးခါတိတိ ကျွန်မ ထောင်ထဲမှာပဲ ဖြတ်သန်းခဲ့ရတာပါ။ ဒီလိုနေ့မျိုးဆိုရင် အများစုမှာ မျှော်လင့်ချက်တွေ အပြည့်နဲ့ပဲ။ စိတ်ဓာတ်မာတဲ့ သူတွေကတော့ လွတ်ဖို့ ၊ မလွတ်ဖို့ စိတ်မဝင်စားကြဘူး။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်လိုတွေ အကွက်ရွေ့ဦးမလဲ ဆိုပြီး သတင်းတွေ စောင့်နားထောင်ကြတယ်။ ကျွန်မရဲ့ လေးနှစ် အတွေ့အကြုံအရတော့ ဒီလိုနေ့မှာ မသာထာရေစာ လောက်လေးပဲ လွတ်ငြိမ်း ပေးတတ်ပါတယ်။ နိုင်ကျဉ်းတွေ လွတ်တာလည်း အင်မတန် နည်းခဲ့ပါတယ်။ ဒီနှစ်ကတော့ သေဒဏ်တွေ အကုန်လုံးကို ထောင်တစ်သက် ပြစ်ဒဏ်ပြောင်းလိုက်တာကတော့ အကြီးဆုံး ဆုလဒ်ပါ။ အနည်းဆုံးတော့ သူတို့တွေ လွှတ်တော်အမတ်နဲ့ ရက်ပ်ပါ ကိုဖြိုးဇေယျာသော်လို၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ တို့လို စီရင် မခံရတော့ဘူးပေါ့။
၂၀၂၁ စစ်အာဏာသိမ်းခံရစဉ်က ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရတဲ့ ကျမတို့ရဲ့ သမ္မတကြီး ဦးဝင်းမြင့် လွတ်လာတယ် ဆိုတာ ကြားပေမယ့် ကျွန်မသိတဲ့ ကျောင်းသားလူငယ် ပညာတတ်တွေ အများကြီး ကျန်နေရစ်တုန်းပါ၊
ငွေတစ်သောင်းလှူလို့ ထောင်တစ်သက်ပြစ်ဒဏ် ကျခံရတဲ့ အိမ်ရှင်မ လည်း လွတ်မလာပါ။ ငွေ ၂ သောင်း စစ်ဘေးရှောင်ကို လှူလိုက်လို့ အကြမ်းဖက် ပုဒ်မ အကပ်ခံထားရတဲ့ ကျောင်းဆရာမကြီးလည်း မလွတ်လာသေးပါ။ ရွေးကောက်ခံပါတီက လူ အများစုလည်း ပါမလာသေးပါ။
လူအုပ်ကြီးကတော့ စာရွက်တွေ မြှောက် မြှောက်ပြီး မိသားစုဝင်တွေ ရှာနေတုန်းပါ။ တစ်ချို့စာရွက်မှာ ရေးထားတဲ့ နာမည်တွေကို ထောင်ထဲမှာ လေးနှစ် နေခဲ့တဲ့ ကျွန်မက သိနေတယ်။ သူတို့ ပါမလာလောက်တော့ဘူး ဆိုတာလည်း လေးနှစ်နေခဲ့တဲ့ အတွေ့အကြုံအရ ကျွန်မသိတယ်။ နောက်ဆုံးတော့ သိခြင်းများစွာ ရင်ဝယ်ပိုက်ပြီး ကျွန်မ ပြန်လာခဲ့တယ်။ ခြေလှမ်းတွေကတော့ မလှမ်းချင် လှမ်းချင် နဲ့ပေါ့။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော Songbird ၏ အနုပညာလက်ရာဖြစ်သည်။





