စာရေးသူသည် မွန်ပြည်နယ်မှ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ခိုလှုံနေရသည့် သတင်းထောက်တစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတံခွန်ပုံပြင်များက ပံ့ပိုးကူညီပါသည်။
"ကျွန်တော် မနက် ၈ နာရီကနေ ည ၁၀ နာရီအထိ အလုပ်လုပ်ခဲ့ပေမဲ့ လစာ ၇၂၃ ဘတ်ပဲ ရခဲ့တယ်ဗျာ။ ဒါ မြန်မာငွေနဲ့ဆိုရင်တောင် တစ်သိန်းမပြည့်ဘူး။"
သက်ပြင်းရှည်ကြီးချရင်း ပြောပြနေတဲ့ ကိုချစ်ရဲ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုတွေ အထင်းသား ပေါ်နေပါတယ်။ သူက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက်ထဲက အသေးစား အထည်ချုပ်လုပ်ငန်းတစ်ခုမှာ ဝင်လုပ်ခဲ့ရာကနေ ခုလို လုပ်အားခ ခေါင်းပုံဖြတ်မှု ကို ကြုံခဲ့ရတာပါ။
ကိုချစ်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းခေါ်ယူနေတာကို တိမ်းရှောင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မတ်လမှာ နယ်စပ်ဖြတ်ကျော်ပြီး မဲဆောက်မြို့ကို ရောက်လာခဲ့တာပါ။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ဘေးကင်းလုံခြုံရေးအတွက် မဲဆောက်လို နယ်စပ်မြို့တွေမှာ တရားဝင်နည်းလမ်းနဲ့ရော၊ တရားမဝင်နည်းလမ်း (အောက်လမ်း) နဲ့ပါ ဝင်ရောက်နေထိုင်နေခဲ့ကြပါတယ်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှာဆိုရင် စစ်မှုထမ်းအသက်နဲ့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေလည်း မဲဆောက်ကို ထပ်မံရှောင်တိမ်းလာကြပါတယ်။
ဒီလို မြန်မာနိုင်ငံသား အများအပြား မဲဆောက်ကို စုပြုံရောက်လာတာကြောင့် အလုပ် အကိုင်တွေ ရှာဖွေဖို့ ခက်ခဲလာပါတယ်။ ပိုဆိုးတာက မြန်မာနိုင်ငံသား အများစုဟာ တရားမဝင် ဝင်ရောက်လာပြီး အထောက်အထားမဲ့ င်နေထိုင်သူတွေ ဖြစ်နေတဲ့အတွက်ထိုင်းအလုပ်ရှင်တွေရဲ့ လုပ်အားခခေါင်းပုံဖြတ်မှုတွေကို ခံနေရပါတယ်။ ကိုယ်တိုင်က အထောက်အထားမရှိ၊ တရားမဝင် နေထိုင်နေရတဲ့အခါ လုပ်ခလစာ ခေါင်းပုံဖြတ်နေတာကို သိပေမယ့်လည်း ဘယ်လိုမှ တိုင်ကြားလို့မရတဲ့ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေရတာပါ။
တရားဝင်အလုပ်လုပ်ကိုင်ခွင့် (Work Permit) ကတ် မရှိတဲ့အတွက် ကိုချစ်ဟာ မဲဆောက် ရောက်ပြီး လအတန်ကြာတဲ့အထိ အလုပ်အကိုင် ရှာဖွေလို့ မရခဲ့ပါဘူး။ မြန်မာနိုင်ငံက ထွက်လာကတည်းက ပါလာခဲ့တဲ့ ငွေကြေးနဲ့ပဲ စား၊ ဝတ်၊ နေရေးကို ဖြေရှင်းနေခဲ့ရာက အချိန်ကြာလာတော့ သူ့မှာပါလာတဲ့ ငွေကြေးတွေလည်း ကုန်သလောက် နီးပါး ဖြစ်လာခဲ့တယ်။
အလုပ်ခေါ်စာတွေကို ရှာဖွေရင်း အွန်လိုင်းကနေ အသေးစား အထည်ချုပ်လုပ်ငန်းအတွက် အလုပ်သမားခေါ်တဲ့ ကြော်ငြာတစ်ခုကို သူတွေ့လိုက်တယ်။ ကောက်ရိုးတစ်မျှင်ကို ဖမ်းဆွဲတဲ့ အနေနဲ့ အလုပ်ရလိုရငြား သွားမေးကြည့်ချိန်မှာတော့ "အတွေ့အကြုံမရှိလည်း စက်ချုပ် သင်ပေးတယ်။ ဒါပေမဲ့ သင်တန်းကြေး ၇၅၀ ဘတ် ပေးရမယ်။ ပြီးရင် အထည်ချုပ်မှာပဲ ပြန်လုပ်လို့ရတယ်" လို့ အလုပ်ခေါ်တဲ့သူက ပြောပြပါတယ်။
အထောက်အထားမရှိတဲ့ သူ့အတွက် အလုပ်ရနိုင်မယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ အလွန် ပျော်ရွှင်ခဲ့ပြီး ငိုတောင်ငိုမိတယ်လို့ ကိုချစ်က သူကြုံတွေ့ခဲ့ရတာကို ရယ်မောရင်း ပြန်ပြောပြ နေပါတယ်။ အလုပ်စဝင် ချိန်မှာ အလုပ်သင်ဖြစ်တဲ့အတွက် လစာအတည်တကျ မရေသးဘဲ နဲ့ တတ်ကျွမ်းလာမှု အပေါ်မူတည်ပြီး လုပ်အားခ တိုးသွားမှာဖြစ်တယ်လို့ အလုပ်ခေါ်စာ တင်ထားသူက ရှင်းပြပါတယ်။
အလုပ်သင်နှစ်ဦး ခေါ်တာဖြစ်တဲ့အတွက် ကိုချစ်က အလုပ်မရှိသေးတဲ့ သူ့ရဲ့ သူငယ်ချင်း ကိုပါ ခေါ်သွားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ သင်တန်းကြေးအတွက် ကုန်ကျငွေကိုအတိုးနဲ့ ချေးငှားသွားခဲ့ကြတာပါ။ အဲ့ဒီ အထည်ချုပ်လုပ်ငန်းရှိရာကို ရောက်သွားချိန်မှာတော့ အလုပ်ရှင်က နေစရာ ပေးမှာဖြစ်ပြီး စားသောက်ဖို့ကိုတော့ ကိုယ့်စရိတ်နဲ့ကိုယ်စားရမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
အိမ်လခပေးဖို့ ပိုက်ဆံမကျန်တော့တာကြောင့် နေစရာရမယ်ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ဝမ်းသာခဲ့ပြီး အလုပ်သင်ကာလအလွန် လစာရရင် မိဘတွေဆီကို ပိုက်ဆံ ပြန်ပို့နိုင်မယ်လို့တောင် စိတ်ကူးယဉ်ပြီး ပျော်ရွှင်ခဲ့ရကြောင်း ကိုချစ်က ဆိုပါတယ်။
အလုပ်သင်ကာလမှာရော၊ အလုပ်ဝင်တဲ့အချိန်မှာရော အလုပ်ချိန်က နံနက် ၈ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပြီး နေ့လယ်စာစားချိန်နဲ့ ညနေစာစားချိန်ကို ဖယ်လိုက်မယ်ဆိုရင် တစ်ရက်မှာ အလုပ်ချိန် ၁၂ နာရီရှိပါတယ်။ ကိုချစ်တို့က ကလေးအဝတ်အစားတွေနဲ့ အမျိုးသမီးဝတ် ဘောင်းဘီရှည်တွေအတွက် လိုအပ်တဲ့ အပိုင်းတွေကို ချုပ်ပေးရတာဖြစ်ပြီး တစ်လအတွင်း အခုရေ ထောင်ချီ ထွက်ခဲ့တာလို့ သူက ပြောပါတယ်။
"ကလေးအင်္ကျီတွေမှာ အလှဆင်တဲ့ ဆင်ရုပ်တွေ၊ ဘောင်းဘီရှည်တွေအတွက်ဆို ကော်ကြိုး ထည့်မယ့် ခါးနေရာတွေ ချုပ်ရတယ်။ အလှဆင်မယ့် ဖဲပြားတွေ ချုပ်ရတယ်။ ကိုယ့်အပိုင်းနဲ့ ကိုယ် ချုပ်ပြီးရင် ကျွန်တော်တို့ ချုပ်ထားတဲ့အပိုင်းတွေကို အထည်ဖြစ်အောင် ပြန်ချုပ်တဲ့ သူက သီးသန့်ရှိတယ်"လို့ သူက ဆိုပါတယ်။
တစ်လလုံး အားအင်အပြည့်နဲ့ ကြိုးစားအလုပ်လုပ်ခဲ့ပေမဲ့ လစာထုတ်တဲ့အချိန်မှာတော့ မျှော်လင့်ထားသမျှ သဲထဲရေသွန်သလိုဖြစ်ပြီး စိတ်ဓာတ်တွေ ကျဆင်းသွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုချစ်အတွက် တစ်လစာ လုပ်အားခက ၇၂၃ ဘတ်သာရသလို၊ သူ့သူငယ်ချင်းဖြစ်သူကလည်း ၅၀၀ ဘတ်သာ ရရှိခဲ့တာပါ။
ဒါကြောင့် သူတို့နဲ့အတူ အလုပ်လုပ်ကိုင်နေသူတွေရဲ့ လုပ်အားခကို မေးကြည့်တဲ့အခါ အလုပ် ခေါ်စာတင်ခဲ့ပြီး သူတို့ကို စက်ချုပ်သင်ပေးခဲ့သူ အလုပ်သမားခေါင်းဆောင်ရဲ့ လစာတောင် ၁၆၀၀ ဘတ်ပဲ ရှိကြောင်း သိခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ အထည်ချုပ်စက်ရုံက အကျွမ်း ကျင်ဆုံး အလုပ်သမားရဲ့ လစာကလည်း ၂၀၀၀ ဘတ်သာ ရှိတယ်လို့ သိရပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရက တရားဝင်သတ်မှတ်ပေးထားတဲ့ တစ်ရက်တာ လုပ်ခလစာက အနိမ့်ဆုံး ၃၃၇ ဘတ်နဲ့ အမြင့်ဆုံး ၄၀၀ ဘတ်အကြား ရှိပါတယ်။ ကိုချစ်ရခဲ့တဲ့ တစ်လစာ ၇၂၃ ဘတ်နဲ့ တွက်ရင် သူ့ရဲ့တစ်ရက်တာ လုပ်အားခက ၂၄ ဘတ်ပဲ ရှိပါတယ်။ ဒါက ထိုင်းနိုင်ငံမှာ ကော်ဖီတစ်ခွက် ဝယ်သောက်ဖို့တောင် မဖြစ်နိုင်တဲ့ လုပ်အားခ ပါ။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဖြစ်နေတာကြောင့် အလုပ်ရှင်ကို လုပ်အားခခေါင်းပုံဖြတ်မှုနဲ့ တိုင်ကြားလို့ မရနိုင်ပါဘူး။
အဲ့ဒီမှာ အလုပ်လုပ်ကိုင်နေသူတွေကို ဆက်သွယ်မေးကြည့်ရာမှာတော့ သူတို့ရဲ့ လုံခြုံရေးအရ အင်တာဗျူးဖြေဆိုပေးဖို့ကို ငြင်းဆန်ကြပါတယ်။ ဘာကြောင့် လုပ်ခလစာနည်းတဲ့ အဲဒီနေရာမှာ ဆက်လက်အလုပ်လုပ်ကိုင်နေလည်းဆိုတာကို မေးကြည့်တဲ့အခါ အဓိကက နေစရာရနေတာကြောင့်လို့ ဖြေကြပါတယ်။
"ပြန်လို့လည်းမရဘူး။ စစ်မှုထမ်းဥပဒေလည်း ရှိနေတယ်။ မြန်မာပြည်မှာက ပြည်တွင်းစစ် တွေနဲ့ လုံးပါးပါးနေပြီ။ အထောက်အထားလုပ်ဖို့လည်း ပိုက်ဆံမရှိဘူး။ အဲဒါကြောင့် နေစရာရရင်ပြီးရောဆိုပြီး ထမင်းစားကျွန်ခံသဘောမျိုး လုပ်နေကြရတာ"လို့ သူတို့က ဆိုပါတယ်။
ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။





