မီးလင်းဖိုတွင်းကသီချင်းတစ်ပုဒ်

မီးလင်းဖိုတွင်းကသီချင်းတစ်ပုဒ်

လဟယ်၊ နာဂဒေသ၊ စစ်ကိုင်းတိုင်း

ဆုံးရှုံးမှုအကြောင်းကို ရေးသားထားတဲ့ လိုင်းနောင်နာဂ လူမျိုးစုရဲ့ သီချင်းတစ်ပုဒ်ကို သီဆိုနေတဲ့ ဒေါ်မာကွေလိုင်ညူ ရဲ့ ကြည်လင်သာယာပြီး ဆုံးဖြတ်ချက် အပြည့်အဝပါဝင်တဲ့ အသံဟာ သူနေတဲ့ ဝါးအိမ်လေးအတွင်းမှာ ပြည့်လျှံလို့ နေပါတယ်။ နာဂလူမျိုးတွေရဲ့ ယဉ်ကျေးမှု ပျက်စီးတိုက်စားခံရတဲ့ အကြောင်းကို ဝမ်းနည်းကြေကွဲစွာနဲ့ ဆိုထားတဲ့ ဒီသီချင်းဟာ နာဂတောင်တန်းက အိမ်တွေရဲ့ မီးလင်းဖိုတွေရှေ့မှာ ဆိုနေကျ သီချင်းဖြစ်ပေမယ့် အပြင်ကလူတွေ အတွက်ကတော့ ကြားဖူးသူ မရှိလောက်အောင် ရှားပါးပါတယ်။

ပြည်သူတွေ လူသိရှင်ကြား မပြောရဲခဲ့တဲ့၊ ဆယ်စုနှစ်များစွာ အုပ်စိုးခဲ့တဲ့ စစ်အစိုးရအကြောင်းကို သီချင်စာသားတွေက ကွက်ကွက်ကွင်းကွင်း ဖော်ပြနေပါတယ်။ ဒေါ်မာကွေလိုင်ညူဟာ နာဂရိုးရာယဉ်ကျေးမှု အားပျော့လာတာကို မပြောင်းလဲနိုင်တော့တဲ့ အတွက် လက်တွေ့ဆန်ဆန် လက်ခံတဲ့ သဘော ရှိနေပါတယ်။ မြေး ရ ယောက်ကို ဒီအမွေအနှစ်တွေ ပေးဖို့ သူကိုယ်တိုင်လည်း ပိုပြီး ကြိုးပမ်း ခဲ့သင့်တယ် လို့ ဝန်ခံတယ်။

မျှော်လင့်ချက်လေး တစ်ခုကတော့ လေတံခွန်ပုံပြင်များနဲ့ တွေ့ဆုံပြီးသကာလမှာ အပြောင်းအလဲလေးတွေများ ရှိမလား ဆိုတာပါပဲ။ မေးမြန်းနေတဲ့ တလျှောက်လုံးမှာ ၅ တန်း တက်နေတဲ့ သူ့မြေးမလေး ၂ ယောက်ဟာ သူတို့တစ်ခါမှ မကြားဖူးတဲ့ သူတို့အဖွားရဲ့ ဘဝနဲ့ အတိတ်က အကြောင်းကို ညှို့ခံရသူတွေလို စိတ်ဝင်တစားနဲ့ နားထောင်နေခဲ့ပါတယ်။

“ဆေးမှင်ကြောင်တွေကို အများကြီး ဂုဏ်ယူတယ်။ ထိုးထားခြင်းအားဖြင့်လည်း ကိုယ့်ကိုယ်ကို တအားလှတယ် လို့ ထင်ထားခဲ့တယ်။ အဲဒီဟာလေး ထိုးပြီးမှ က ရင်လည်း တအားလှတယ် လို့ ထင်တယ်။

(အရင်တုန်းက) လက်ကောက် အများကြီးတွေ ရှိတယ်၊ အမြင့်ကြီး အထိ အဲဒါတွေ ဝတ်ပြီးမှ သွားပြီး က တာ။ ဓာတ်ပုံတွေ မရှိဘူး၊ ရှိရင်လည်း ပျက်သွားရော ပေါ့။ ဆန်ထောင်းရင်တောင် လက်ကောက်တွေပန်၊ ပုတီးတွေပန်၊ ပြီးမှ ထောင်းစားတာ။ စက်နဲ့ ကြိတ်တာတွေ ဘာတွေ မရှိသေးဘူး”

“အဖွားကိုယ်တိုင်လည်း ဆေးမှင်ကြောင် ထိုးတတ်ပြီး သူများကိုလည်း ထိုးပေးခဲ့တယ်။ ဘာပုံတွေ ထိုးပေးခဲ့လဲတော့ မမှတ်မိဘူး။ အရင် မိန်းခလေးဆို ထိုးရမယ့် ထုံးစံရှိပြီး အလှဆိုတဲ့ သဘောနဲ့ထိုးခဲ့တာ” “မျက်နှာတစ်ခုလုံး မထိုးတာက ယောက်ျားလေးတွေပဲ၊ လည်ပင်းတို့၊ မျက်နှာတို့မှာ ထိုးရတာ၊ မိန်းခလေးက မထိုးရဘူး”

“ရက်ကြီး အခါကြီး အချိန်မှာ ထိုးရတာ ပိုပြီး သက်ရောက်တယ်။ ဒါပေမယ့် ကိုယ့်ဟာနဲ့ကိုယ် ထိုးမယ် ဆိုရင် ထိုးပေးတဲ့ လူကို အကျွေးအမွေးတွေ အများကြီး သီးသန့် ဧည့်ခံရတယ်။ အဲဒီလို ရက်ကြီးအခါကြီးမှာ သူများကို ကိုယ်တိုင် ထိုးပေးခဲ့တာ။ ယောက်ျားလေးတွေရော၊ မိန်းခလေးတွေရော”

“ရက်ကြီး အခါကြီး အချိန်မှာ ထိုးရတာ ပိုပြီး သက်ရောက်တယ်။ ဒါပေမယ့် ကိုယ့်ဟာနဲ့ကိုယ် ထိုးမယ် ဆိုရင် ထိုးပေးတဲ့ လူကို အကျွေးအမွေးတွေ အများကြီး သီးသန့် ဧည့်ခံရတယ်။ အဲဒီလို ရက်ကြီးအခါကြီးမှာ သူများကို ကိုယ်တိုင် ထိုးပေးခဲ့တာ။ ယောက်ျားလေးတွေရော၊ မိန်းခလေးတွေရော”

ဒေါ်မာကွေလိုင်းညူ၏ ခြေထောက်မှ ဆေးမှင်ကြောင်များ

“နာတယ်။ တော်တော်နာတယ်။ သွေးထွက်တယ်။ ဆေးပြန်ထည့်မှ ကောင်းလာတာ။ ဒါပေမယ့် မငိုဘူး။ အနာခံပြီး ထိုးကြတာ။ မထင်ဘူး ဆိုရင် ထပ်ကာထပ်ကာ ပြန်ထိုးတယ်”

“မျက်နှာ (ပေါ်က ဆေးမှင်ကြောင်) ကတော့ ငယ်ငယ်တုန်းက ထိုးတာ။ ခြေထောက်ကတော့ ကြီးမှ၊ အိမ်ထောင်ပြုဖို့ မကြာခင်မှာမှ ထိုးတာ။ လက်မောင်းပေါ်မှာလည်း ရှိတယ်။ အဲဒါကတော့ ခြေထောက်နဲ့ တစ်ရက်တည်းမှ ထိုးတာ”

“အရင်တုန်းကတော့ ဗမာတွေဆို တအားကြောက်ကြတာ။ လာရင် တအား ပြေးကြတာ။ ပြီးရင်ဗမာတွေနဲ့ လုံးဝ အိမ်ထောင်မပြုရဘူး။ ကိုယ့်လူမျိုးနဲ့ပဲ အိမ်ထောင်ပြုရမယ် ပေါ့” “အဲဒီတော့ ငယ်ငယ်ကလေးကတည်းက မျက်နှာမှာ ဆေးမှင်ကြောင်ထိုးတာက ဗမာတွေက အဖွားကိုလာယူသွားမှာ စိုးလို့ မြန်မြန် ထိုးခိုင်းတာ”

“အခုတော့ ဗမာ(အစိုးရက) မထိုးခိုင်းတော့တဲ့ အခါကျတော့ မထိုးရတော့ဘူး ပေါ့။ ထိုးရင် မလှဘူးတဲ့။ အဲဒီမှာ အဖွားလည်း ဆက်ထိုးမပေးတော့ဘူး။ ကိုယ့်ကိုယ်တိုင်လည်း မထိုးတော့ဘူး။ အဲဒီလိုမျိုး ထိုးတာတွေ ပပျောက်အောင်လို့ ထိုးတဲ့သူရော၊ ထိုးပေးတဲ့ သူရော အရေးယူတယ်၊ ဒါဏ်ရိုက်တယ်။ အဲဒါနဲ့ ပျောက်သွားတာ”

ဒေါ်မာကွေလိုင်းညူနှင့် သူမ၏မြေးများ

“ရိုးရာပွဲတွေလည်း ပြောင်းလဲသွားတယ်။ တချို့တွေလောက်ပဲ လုပ်တော့တယ်။ အသေးစိတ် မလုပ်တော့ဘူး။ စိတ်မကောင်းတော့ မဖြစ်ပါဘူး။ အဲဒီလိုမျိုး (သားသမီးမြေးမြစ်တွေကို) ဘာမှတော့ မသင်ပေးခဲ့ဘူး။ သင်လည်း မသင်ချင်တော့ဘူး။ အလုပ်လည်း သိပ်မလုပ်နိုင် စကားလည်း သိပ်မပြောနိုင်တော့ဘူး”

သူတို့ရဲ့ အဖွားဖြေနေတာကို တမေ့တမော ထိုင်ပြီး နားထောင်နေတဲ့ မြေးမလေးနှစ်ယောက်ကို လှမ်းကြည့်ရင်း ဒေါ်မာကွေလိုင်ညူက ဆက်ပြောပါတယ်။.

“သူတို့ တကယ်လို့ ပညာတတ်လာပြီ ဆိုရင် ကျောင်းဆရာမတို့၊ ဆေးဆရာမတို့ ဖြစ်စေချင်ပါတယ်။ ပညာတတ်ရင်တော့ တောင်ယာ မလုပ်စေချင်ဘူး။ အခုတောင် ကျောင်းတက်နေတော့ လယ်မလုပ်ခိုင်းဘူး” “အဖွားတို့ ငယ်ငယ်တုန်းက မိဘတွေက ကျောင်းမနေခိုင်းဘူး။ တောင်ယာပဲ လုပ်ခိုင်းတာ။ (ပြောင်းသွားတာ) ကောင်းပါတယ်။ အရင်တုန်းက ကျောင်းသာ အခုလိုမျိုး နေခိုင်းခဲ့ရင် နေခဲ့ချင်တာပေါ့”

ဒေါ်မာကွေလိုင်းညူ၏ လဟယ်မြို့ရှိအိမ်တွင်

“အဖွားအသက် တစ်ရာလောက် ရှိရောပေါ့။ အဖွားနဲ့ ရွယ်တူတစ်ယောက်မှ မကျန်တော့ဘူး”

“အရင်တုန်းက ခန္တီးမှာ သွား က ဖူးတယ်။ ရိုးရာပွဲ အတွက်။ ခြေကျင် သွားတာ။ ၃ ညအိပ် သွားရတယ်။ အရင်တုန်းက အတူတူ သွားလာတဲ့သူတွေက မရှိတော့ဘူး။ အကုန် သေကုန်ပြီ။ ခန္တီးထိပဲ ရောက်ဖူးတယ်။ ဟပ်စကီး (ရဟတ်ယာဉ်) နဲ့ တင်သွားမယ်လို့ ပြောတာကို ကြောက်လို့ မလိုက်တာ။ အခုချိန် ခေါ်ရင်တော့ လိုက်မှာ”

 

(ဧပြီ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)