ထောင်နှုတ်ခမ်းမှ သီသီလေး လွတ်ခဲ့ခြင်း

ထောင်နှုတ်ခမ်းမှ သီသီလေး လွတ်ခဲ့ခြင်း

ရှမ်းပြည်နယ်

စာရေးသူသည် ရှမ်းပြည်နယ်မှ သတင်းထောက်တစ်ဦး ဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတံခွန်ပုံပြင်များမှ ပံ့ပိုးကူညီပါသည်။ 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့တစ်မြို့က အမှတ် ၁ ရဲစခန်းကို ဗုံး လာဖောက်ခွဲ ခံရတယ်။ အဲဒီနောက် စစ်ကောင်စီ လက်အောက်ခံ ရဲ တွေဟာ  မြို့ထဲက ရပ်ကွက်တိုင်းက နေအိမ်တိုင်းကို တအိမ်ကျန် ည လိုက်လံ စစ်ဆေးပါတော့တယ်။သူတို့ မသင်္ကာရင် ချက်ချင်း ဖမ်းဆီးပြီး စစ်ဆေးရေးကို ပို့တယ်။

တညမှာတော့ ကျနော်တို့ ရပ်ကွက်ကို ရောက်လာတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေက ဘယ်နေရာ ရောက်နေပြီ၊  ဘယ်အိမ်ရောက်ပြီ ဆိုပြီး အချင်းချင်း ဖုန်းဆက်  သတင်းလှမ်းပို့ကြတယ်။ အရမ်းနီးကပ်လာချိန်မှာတော့ ဖုန်း မဆက်တော့ပဲ စာတိုလှမ်းပို့ကြတယ်။

ကျနော့်အိမ်ဘက်ကို တဖြည်းဖြည်းနဲ့ နီးလာတယ်။ စစ်ကောင်စီနဲ့ အဖွဲ့ဝင်တွေဟာ  အိမ်တွေရဲ့ တံခါးတွေကို ဝုန်း ဝုန်း ဆိုပြီး ကန်ဖွင့်နေတဲ့ အသံတွေကြားနေရတယ်။

ညကြီး သန်းခေါင်ချိန် ၁၁ နာရီလောက်ရှိပြီ အိမ်တိုင်းကို တံခါး လိုက်ဖွင့်ခိုင်းတယ်။ လာမဖွင့်တဲ့ အိမ်တွေကို ကန်ပြီး ဖွင့်တယ်။

ကျနော်က သတင်းထောက် တယောက်ဖြစ်တဲ့အတွက် ဖုန်းတွေ စစ်ဆေးရင် သူတို့ မသင်္ကာစရာ တွေ့ပြီး အန္တရာယ် မကင်း ဖြစ်မှာ စိုးရိမ်တဲ့အတွက်  ဖုန်း ၂ လုံး စလုံးကို ပိတ်ပြီး ဆန်အိတ်ထဲ ထိုးထည့်လိုက်တယ်။ ပြီးတော့ ပြတင်းပေါက် ကန့်လန့်ကာကို မျက်လုံး တလုံးစာလောက်ပဲ အသာလေး လှပ်ပြီးကြည့်လိုက်တော့ သူတို့ဝင်ပြီး စစ်ဆေးမယ့် အိမ်ကို  ဓာတ်မီး တလှပ်လှပ်နဲ့ ထိုးနေတယ်။ တံခါး လာဖွင့်ပေးဖို့ အော်ခေါ်တယ်။ အကုန်လုံးက ကြောက်လန့်ပြီး မီးပိတ်၊ အိမ်တံခါးတွေပါ ပိတ်ပြီး တိတ်တိတ်ဆိတ်ဆိတ် နေနေကြရတယ်။

ကျနော်တို့ အိမ်နဲ့ အိမ်နားက အိမ် ၂ အိမ် ကို စစ်ကောင်စီဝင်အင်အား ၉၀ လောက်နဲ့ ရောက်လာတယ်။ 

တအောင့်လောက်နေတော့ ကျနော့ အိမ်ရှေ့ တံခါးမ ကနေ "တံခါးဖွင့်။ ပစ်လိုက်မှာနော်" ဆိုပြီး တခါးကို တဝုန်းဝုန်း ကန်တယ်။ တခါးဂျက်ကလည်း ပြုတ်ခါနီးနေပြီ။ ပစ်လိုက်မှာလည်း ကြောက်တာကြောင့် တံခါးထဖွင့်လိုက်တော့ ရှေ့ဆုံးက စစ်ကောင်စီ တပ်သားတစ်ယောက်က အိမ်ထဲကို သေနတ် နဲ့ ချိန်ထားတယ်။ အိမ်ရှေ့ ခြံဝန်းထဲ ကြည့်လိုက်တော့ စစ်ကောင်စီဝင်တွေ အများကြီး ဝင်ရောက်နေတယ်။ ဘယ်လိုဝင် ရောက်လာမှန်း မသိဘူး။ ခြံဝန်း တံခါးလည်း ဖွင့် မပေးပါဘူး။

သေတ်နဲ့ ချိန်ထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ယောက်က "ဘာလို့ တံခါး မြန်မြန် မဖွင့်တာလဲ။ ပစ်လိုက်လို့ ရတယ်နော်။ ဧည့်စာရင်း စစ်မယ်" ဆိုပြီး အော်ဟစ် ငေါက်ငမ်း ပြောဆိုတယ်

ကျနော်က "ဘာလို့ သူများ အိပ်နေချိန် ည သန်းခေါင်း လာစစ်ရတာလည်း။ ကျနော်တို့က တစ်ရက်လုပ်မှ တရက်စားရတာ။ မနက်ဆိုရင် ၄ နာရီ ထပြီး ကားထွက်ရတာ။ ခင်များတို့လို လကုန်ရင် လစာကို အေးအေးဆေးဆေး ထုတ်စားလို့ ရတဲ့ လူတွေ မဟုတ်ဘူး။ စောစောအိပ်၊ စောစောထ အလုပ်လုပ်ရတယ်။ ဒါတောင်မှ ထမင်း နပ်မှန်ဖို့ မနည်း ရုန်းကန်ရတယ်" လို့ ပြောလိုက်တယ်။

အဲလိုပြောေတာ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် တယောက်က "အထက်က အမိန့်အရလုပ်ရတာ" ဆိုပြီး ပြောတယ်။

ကျနော်တို့ အိမ်ဝန်းထဲတင် သူတို့ အင်အားက ခန့်မှန်းခြေ ၄၀ ဝန်းကျင်ရှိမယ်။ ဘက်တံဆိပ်တွေ မကြည့်မိ လိုက်ပါ။ အရာရှိတွေတော့ ပါလိမ့်မယ်။ ဒါပေမယ့် ကောင်းကောင်း မကြည့်မိ။ ရဲ အရာရှိ တယောက် ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တယောက်မှမပါပါ။ ရဲ တယောက်က လွဲလို့ ကျန်တဲ့ သူတွေက စစ်ကောင်စီ တပ်ဖွဲ့တွေ။

ကျနော်တို့ အိမ်နဲ့ တပြိုင်ထဲ။ အိမ်ရှေ့ မျက်စောင်းထိုး အိမ်မှာလည်း အင်အား ၂၀ ခန့် ဝင်ရောက် စစ်ဆေးနေတယ်။ ကျနော်တို့ အိမ်နဲ့ ကပ်လျက် အိမ်မှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် တချို့ ဝင်ရောက် စစ်ဆေးနေတယ်။

ဧည့်စာရင်း စစ်မယ် လို့ပြောပေမယ့် အိမ်ရှေ့မှာ ပုံထားတဲ့ ကုန်ပစ္စည်းတွေကို မွှေနှောက်ရှာ‌ဖွေနေတယ်။ 

ကျနော်တို့ အိမ်ရှေ့က ကုန်တွေရော ကားပေါ်တင်ထားတဲ့ ကုန်တွေရော မွှေနှောက်နေတယ်။ အိမ်ရှေ့မှာ မိုးရွာလို့ မိုးကာနဲ့ထားတဲ့ ကားတာယာ အသစ်တွေပေါ်က မိုးကာကို စစ်ကောင်စီ တပ်ဖွဲ့ ၂ ယောက်၊ ၃ ယောက်က ဆွဲချပြီး "ဒါဘာလုပ်တာလဲ။ ဘာလုပ်ဖို့လဲ" လို့ မေးပါတယ်။  

ကျနော်လည်း အံ့ဩသွားတယ်။

တာယာ အသစ်စက်စက်မှန်း သိရဲ့သားနဲ့။ စိတ်ထဲမှာတော့ ဒေါသ ထောင်းကနဲ ထသွား ပေမယ့် ညင်ညင် သာသာ ပဲ ပြောလိုက်တယ်။ "အဲဒါ တာယာ အသစ်တွေ။ သူများရဲ့ ကုန်တွေပါ။ ကျနော်တို့ က ကားခပဲရတာ။ တာယာတလုံး တင်မှာ ကျပ် ၁၀၀၊ ၂၀၀ ပဲရတာ။ အလွန်ဆုံးမှ ၈၀၀ လောက် ရတာ" လို့ ပြောလိုက်တယ်။

မနက်စောစော ကားထွက်ဖို့ ကုန်အစုံ အဆင်သင့် တင်ထားတဲ့ အံစာတုံးကား နောက်ဖုံးကို သူတိုက ဆွဲဖွင့် လိုက်ကြပြီး အထုပ် တထုပ်ပြီး တထုပ် ဆွဲချလိုက်တယ်။ ဈေးပတ် ကား ဆိုတော့ ကုန်စမ်းတွေ၊ မုန်လာထုပ်၊ မုန်လာပန်း၊ ဆလပ်ရွက်၊ နံနံပင်၊ ဖက်ဖယ်ရွက်၊ ရှမ်းနံနံ၊ မုန်လာဥနီ၊ ကြက်သွန်နီ အပြင် အသီးတွေရော မီးဖိုချောင်ပစ္စည်း အသုံးအဆောင် အိုးခွက်၊ ပန်ကန်၊ ထိုင်ခုံ၊ စားပွဲ ကအစ အကုန်ပါတယ်။ အိမ်ဆောက်ပစ္စည်း၊ စိုက်ပျိုးရေးသုံး ပစ္စည်း၊ ကား၊ ဆိုင်ကယ် အပို ပစ္စည်း တွေ အကုန် တမျိုးနည်းနည်းစီပါတယ်။

ပစ္စည်း‌တွေ အကုန်ဆွဲချပြီး ရှာတယ်။ "ဘာရှာတာလဲ" လို့ မေးတော့ ပြောဘူး။ အကုန် ဖရိုဖရဲ ဆွဲချပြီး မွှေနေတယ်။ ကျနော်လည်း ဒေါသတော့ ထွက်နေပေမယ့် အဲနားမှာ ရပ်နေတဲ့ ရဲ အရာရှိကို စကား သွားပြောနေလိုက်တယ်။

"ဆရာရယ် ကျနော်တို့က တနေ့လုပ်မှ တနေ့စားရတာ။ ကားထွက်တယ် ဆိုရင်လည်း ကိုယ်ပိုင်ကုန်တွေ မဟုတ်ဘူး။ သူများကုန်တွေ တင်ပေးရတာ။ တထုပ်မှ တစ်ရာ၊ နှစ်ရာရတာ။ ကိုဗစ်ကာလတုန်းက လည်း သွားလာလို့ မရတော့ နားတာများတယ်။ လမ်း သွားလို့ရတုန်းပဲ ကားထွက်ရတာ" လို့ ဘယ်လိုခက်ခဲကြောင်း ပြောနေလိုက်တယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကတော့ သေနတ်တကားကားနဲ့ မိုက်မိုက်ရိုင်းရိုင်းပဲ အိမ်ထဲ ဖိနပ်စီးပြီး ဝင်လိုက်ထွက်လိုက် လုပ်နေတယ်။ အပေါ်ထပ်တက်လိုက်၊ အောက်ဆင်းလိုက်ပေါ့။ အိမ်က တက္ကသိုလ်နားလေးဆိုတော့ မိန်းကလေး အဆောင်ဖွင့်ထားတော့ အခန်းများတယ်။ အခန်းတွေ ဖွဲ့စည်းပုံ ရှုပ်တယ်။

အဲဒါနဲ့ ကျနော်တို့နဲ့ ရဲ အရာရှိ မတ်တပ်ရပ်စကားပြောနေတဲ့ အိမ်ရှေ့ နား အရာရှိ လို့ယူဆရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် တယောက်‌ရောက်လာပြီး ဧည့်စာရင်းတိုင်ထားတဲ့ စာအုပ် တောင်းတယ်။ ပြလိုက်တယ်။ ဧည့်စာရင်းထဲက လူဦးရေ အတိုင်း လူတွေကို ခေါ်ထုတ်ခိုင်းတယ်။

ဖြစ်ချင်တော့ ဆန္ဒပြပွဲတွေကို  Organize လုပ်ပေးနေတဲ့ မိန်းကလေး တယောက်က သူတို့ ရပ်ကွက်မှာ သူကို ရဲတွေ လိုက်ရှာနေလို့ဆိုပြီး အိမ်နဲ့ကပ်လျက်အိမ်မှာ လာလာ အိပ်တာ။ သူ့ အိမ်ပြန်အိပ်ရင် မလုံခြုံဘူး ဆိုပြီး‌တော့။ အဲဒီညတော့ တစ်အိမ်ဝင် ထွက် စစ်တယ်ဆိုတဲ့ သတင်းကြိုရထားတော့ သူက ကျနော်တို့ အိမ် အပေါ်ထပ်မှာ လာပုန်းနေတယ်။

အဲဒါနဲ့ သူတို့ ဧည့်စာရင်း စာအုပ်နဲ့ ကြည့်နေတော့ အဆောင်နေတဲ့ သူတွေရော အကုန်ထွက်လာဖို့ ခေါ်လိုက်တယ်။ ကိုဗစ် မစင်သေးတော့ တက္ကသိုလ် မဖွင့်တော့ အဆောင်နေသူတော့ မများဘူး။

လာပုန်းနေတဲ့ မိန်းကလေး အရင်ထွက်လာတယ်။ အဆောင်နေတဲ့ အဆောင်သူ ၃ ယောက်ထဲက တယောက် ထွက်လာတယ်။ ကျန်တဲ့ ၂ ယောက်က ဘယ်လိုခေါ် ထွက်မလာပဲနဲ့ ကြောက်လို့ ကုတင် အောက်မှာ ပုန်းနေတယ်။ အဲဒါနဲ့ အခန်း တစ်ခန်းချင်း လိုက်စစ်ပါလေရော။ အဲဒီ အဆောင်သူ ၂ ယောက်ရဲ့ အခန်း‌ ဝင်တယ်၊ စစ်တယ်။

ကံကောင်းစွာပဲ၊ ဗုံးခွဲတိုက်ခိုက်မှုရဲ့ နောက်ကွယ်က တရားခံကောင်လေးတွေကို မဲပြီးရှာနေတာဆိုတော့ ဒီမိန်းကလေး ထွက်လာချိန်မှာ ကျနော်တို့ကို စစ်နေပြီး စာရင်းထဲက လူတွေနဲ့ အခုရှိနေသူတွေ အကုန်တိုင်ဆိုင်လားဆိုတာကို အနီးကပ်ကြီး မစိစစ်ခဲ့ကြပါဘူး။ ဒါကြောင့် ဒီမိန်းကလေးပြဿနာလွတ်သွားတယ်။

နောက် ဖုန်းတွေကို စတင်စစ်တယ်။

အပေါ်ထပ်ဘက်လည်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေ စစ်ပြီး ဆင်းလာပြီးတော့ နောက်တခေါက် စစ်ဖို့ အခန်း လိုက်ပြဖို့ ပြောလာတော့ ကလေး တယောက်ကို ထည့်လိုက်ပြီး လိုက်ပြခိုင်းလိုက်တယ်။

‌ဒီဘက်အခန်းက ကားမောင်းတဲ့ တူလေး အခန်းတော့ ဘာမှမရှိ။ လောက်လေး ခွ အိတ်တွေ့တော့ "ဘာလုပ်ဖို့လဲ" လို့ မေးတယ်။ ကားမောင်းရင်း လမ်းမှာ ငှက်ပစ်တယ်လို့ သူက ဖြေတယ်။ သူ့ ဖုန်းကို စစ်ကောင်စီ တပ်ဖွဲ့ ဝင် တယောက် စစ်နေတယ်။

မီးဖိုချောင်ထဲလည်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်သွားတော့ ကျနော် လိုက်ဝင်တယ်။ အိုးခွက်ပန်းကန် တွေထားတဲ့ နေရာတွေရော လိုက်စစ်တယ်။

ကျနော့် စိတ်ထဲမှာ ကျနော် ဝှက်ထားတဲ့ ကျနော့်ဖုန်းတွေ၊ ကွန်ပြူတာတွေ တွေ့သွားမှာကို စိုးရိမ်နေတယ်။ အရင်ရက်တွေက သပိတ်မှောက်တဲ့ လူငယ်တွေရဲ့ သပိတ် အုပ်/ အိုး နဲ့ စာရွက် စာတမ်းလဲ ကျနော့် အခန်းမှာ လာထားကြတယ်။ ည ည ကျရင် လမ်းပေါ်မှာ သပိတ် အုပ် / အိုး မှာ  Print ထုတ် ထားတဲ့ သပိတ်စာသားပါ စာရွက်‌ေတွ ကပ်ပြီး သူတို့က ည သပိတ်လုပ် လုပ်ကြတယ်။

စစ်ကောင်စီတွေ တစ်အိမ်ဝင် တစ်အိမ်ထွက် လာစစ်မယ်ဆိုတဲ့ သတင်း ကြိုကြားထားလို့သပိတ်အုပ်/ အိုးတွေ နည်းနည်း ကျန်တာကို‌ေတာ့ စက္ကူနဲ့ ပတ်ပြီး ပန်းကန်လုံး အသစ်‌တွေနဲ့ ရောပြီး ထပ်ကာဝှက် ထားလိုက်တယ်။ ဒါပေမယ် သပိတ်အုပ်/ အိုး တွေရဲ့ အဖုံးတွေကျန်‌နေတယ်။ ဘယ်လို ဝှက်ရင် ကောင်းမလဲ ဆိုပြီး စဉ်းသားနေတုန်း  အဲဒီ အဖုံးတွေကို ပြောင်ပြန်လှန် မြေကြီးထည့် ပီ့း ပန်းစိုက်လိုက်ဖို့ အိုင်ဒီယာ ရသွားတော့ အဲဒီ ညနေပိုင်းမှာပဲ သပိတ်အုပ်/အိုး အဖုံး အားလုံးမှာ  ပန်းစိုက်လိုက်ပြီး ဒုတိယထပ်နဲ့ တတိယထပ်မှာ ခွဲထားလိုက်တော့ သပိတ်အုပ်/အိုး အဖုံးကိစ္စ စိတ်ချသွားတယ်။

မီးဖိုချောင်မှာတော့ ရင်တမမ နဲ့ လိုက်ကြည့်နေတာ လွတ်သွားတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင် လေး၊ ငါးယောက် ကျနော့် အခန်းကို စစ်ဖို့ ဝင်သွားကြတယ်။ ခေါင်း ပူထူသွားတယ်။ လူငယ်တွေ လာထားတဲ့ သပိတ်စာရွက်တွေ print ထားတာ A4 စာရွက် အုပ်လိုက်ကြီး။

ကျနော့အခန်းမှာလည်း ကုန်တွေရော၊ ဆွယ်တာစက်တွေရော၊ ချည်တွေရော ကျနော် ဖတ်တဲ့ စာအုပ်တွေ ရော ရှုပ်‌ပွနေတယ်။ သပိတ်စာရွက်တွေကိုတော့ ကြာဇံ အိတ်တွေကြား ကျနော် ထိုးထည့် ထားခဲ့တယ်။

ဒါပေမယ့် ကျနော် သတိလက်လွှတ် ဖြစ်သွားတာ ကျနော့် ဆိုင်ကယ် ဦးထုပ်မှာ Press ဆိုပြီး ရေးထားတဲ့ စာသား ခွာဖို့ မေ့သွားတယ်။ ကျနော် အလုပ်လုပ်တဲ့ ခုံပေါ်မှာ သတင်းလိုက်ဖို့ Note ရေးထားတဲ့ စာရွက်ရော ဝှက်ထားဖို့ ကျနော် မေ့သွားတယ်။ အရင် အာဏာ မသိမ်းခင်က သတင်းလိုက်ထားတဲ့ Note စာရွက်တွေရော စားပွဲပေါ်မှာ။ အဲဒါ အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ စာအုပ်နဲ့ American Center က Civic Education Lessons တွေနဲ့ Notes တွေ ဖိုင်အတွဲ လိုက် စားပွဲ ပေါ်မှာပဲ တင်ထားမိတယ်။

ကံမကောင်းစွာပဲ Press လို့ ရေးထားတဲ့ ကျနော့် ဆိုင်ကယ် ဦးထုပ်ကို သူတို့ မြင်သွားတယ်။ "ဒီအိမ်မှာ သတင်းထောက် ရှိတာလား။ ဘယ်သူလဲ" ဆိုပြီး ကျနော် ဆိုင်ကယ် ဦးထုပ် တွေ့သွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ ဝင်တစ်ယောက်က အော်ဟစ် မေးမြန်းတယ်။

ကျနော်က "ကျနော်ပါ။" လို့ ပြောလိုက်တယ်။ အဲဒါနဲ့ စားပွဲ ပေါ်က ၂၀၀၈ ခြေ/ဥ စာအုပ်နဲ့  Civic Education ဖိုင်တွေကို သူတို့ ကြည်နေချိန် ကျနော် နောက်ရက် သတင်းလိုက်ဖို့ Note ရေးထားတဲ့ စားပွဲ တောင့်စွန်းက စာရွက်ကို ကျနော် သတိထားမိတော့ ဖြတ်ခနဲ့ ဆွဲယူပြီး ဘောင်းဘီနောက် အိတ်အပ်ထဲ ထည့်လိုက်တယ်။

ကံဆိုးစွာပဲ အာဏာ မသိမ်းခင် သတင်းလိုက်ထားတဲ့ ကျနော့်ရဲ့ Note စာအုပ်ကို သူတို့ တွေ့သွားတယ်။ မတတ်နိုင်ပါ။ သူတို့ စာအုပ်ကို ကောက်ယူလိုက်တယ်။ ကျနော်က "စစ်ပါ။ အဲဒါ ဟိုး အရင်တုန်းက မှတ်စုတွေပါ။ ကျနော် သတင်းမရေးတာ ကြာပြီ။ ၂၀၂၀ ခုနှစ် ရဲ့ ရှေ့ပိုင်းက မှတ်စုတွေပါ" လို့ ပြောလိုက်တယ်။ သူတို့ အဲဒီ စာအုပ်ကိုညတစ်ရွက်ချင်း လှန်ကြည့်တယ်။ ဘာမှ မပြောဘူး။ တော်သေးတယ်။

နောက်တော့ ကျနော့ အဝတ်တွေထည့်ထားတဲ့ luggage ကိုဖွင့်ပြီးမွှေတယ်။ ပိုက်ဆံ ၄ သိန်းကျော် အဝတ်စီထားတဲ့ ကြားမှာ စက္ကူစာရွက်နဲ့ ညှပ်ပြီး ထည့်ထားတာ တွေ့သွားတော့ သူတို့က "ဒါဘာလုပ်ဖို့လဲ" တဲ့။ စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ယောက်က ဇက်ခနဲ ယူလိုက်တယ်။

ကျနော်တို့ ပေါ်ဘက်လမ်းက အိမ်တစ်အိမ်က သိန်း ၆၀၀ လောက် ငွေရှိတဲ့ ဘဏ်စာအုပ်ကို လာစစ်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေက ဗီရို အံဆွဲ ဆွဲဖွင့်ပြီး ယူသွားတယ် လို့ ကျနော်ကြားထားတော့ "အဲဒါ ကျနော့် ပိုက်ဆံ မဟုတ်ဘူး။ ဈေးသယ်တွေ ကုန် ဝယ်ထားတဲ့ ပိုက်ဆံတွေ သွားပေးပေးဖို့ ပါးလိုက်တဲ့ ပိုက်ဆံတွေပါ။ ကျနော် မလျော်နိုင်ဘူးနော်" လို့ ပြောပြီး ကျနော် ပြန်ယူလိုက်တယ်။

အဲဒီနောက်လည်း ကံဆိုးမိုးမှောင်စွာပဲ သပိတ် မှောက်၊ ဆန္ဒပြမယ့် စာရွက်တွေ ထိုး ဝှက်ထားတဲ့ ကြာဇံ အိတ်တွေ ဆွဲချနေတယ်။ သွားပြီ ဒီညတော့ လို့ကျနော့် စိတ်ထဲမှာ ထင်လိုက်တယ်။ အိတ် ၂ လုံးလောက် ဆွဲ ချလိုက်ချိန်မှာပဲ အရုပ်ခြင်းကို တွေ့သွားတယ်။ အရုပ်တွေက အကုန်လုံး သေနတ် အရုပ်တွေ။ ဆွဲချပြီး တခုချင်းကို အခန်းရှေ့လွှင့်ပစ်တယ်။ "ဒါဘာတွေလဲ" တဲ့။

ကျနော်က သပိတ် စာရွက်တွေကို တွေ့သွားမှာ စိုးရိမ်‌နေတယ်။ သူတို့ ဆွဲချလိုက်တဲ့ ကြာဇံ အိတ်တွေ အပြင် ဘေးဘက် စီထားတဲ့ ကြာဇံအိတ်တွေပါ အပေါ်ပြန်တင်ရင်း၊ ဘေးကို  ပြန်ရွှေ့ ပုံရင်း "အဲဒါက အရုပ်တွေပါ။ ဒီအိမ်မှာ ကလေးက ယောကျာ်းလေးတွေပဲ ရှိတော့ အကုန်လုံး သေနတ်ရုပ်တွေပဲ" လို့ပြောလိုက်တယ်။ 

အရုပ်ခြင်းထဲက သေနတ်ရုပ်တွေ ကျနော့်အခန်းရှေ့  ဖွာလန်ကြဲနေအောင် လွှင့်ပစ်ထားတယ်။ နောက်တခါ အိမ်ထဲက ကလေး ၂ ယောက်ရဲ့ အခန်းတွေကို မိုက်မိုက်ရိုင်းရိုင်းပဲ ဖိနပ် မချွတ်ပဲနဲ့ တခါ ပြန်ဝင်ကြည့်တယ်။ ကလေး ၂ ယောက်ကတော့ အိပ်နေပြီ။ "ဒီအိမ်မှာ ‌အမျိုးသားတွေ မရှိဘူး။ ယောကျာ်းလေ ဆိုပေမယ့် ကလေးလေးတွေပဲ" လို့ ကျနော်ပြောလိုက်တယ်။

အိမ်ရှေ့ ပြန်ထွက်လာတော့ ရဲအရာရှိက နဂိုနေရာ ရပ်ပြီး ကျနော့် ညီမနဲ့ စကားပြောနေတယ်။ အဲဒီ ရဲအရာရှိကတော့ အပေါ်ထပ်မှာ စစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆင်းလာဖို့နဲ့ ပြန်ရအောင်လို့ ခေါ်နေတယ်။ နားထောင်ကြပုံမရ။ ဒုတိယထပ် ဝရန်တာ ရေကန်နားမှာ စစ်ကောင်စီ တပ်ဖွဲ့ ဝင်တချို့ စစ်နေကြတယ်။

ကျနော့်ကို လှမ်းခေါ်တော့ ကျနော် တက်လာချိန် အိမ်က ကလေး ၂ ယောက် ရေပိုက်တွေနဲ့ သေနတ်တွေ ရေသလျောက် လေးတွေ လုပ်ထားတာကို ကိုင်ပြီး "ဒါက ဘာတွေလဲ၊ ဘာလုပ်ထားတာလဲ" တဲ့။ "အဲဒါ ကလေးတွေ လုပ်ပြီးဆော့ထားတာပါ" လို့ ပြောလိုက်တယ်။

အိမ်ပေါ်၊ အိမ်‌အောက်၊ အိမ်ထဲ ဝင်တဲ့ စစ်ကောင်စီတွေ တပ်ဖွဲ့ ဝင်တွေက တစ်ယောက်မှ ဖိနပ်မချွတ်ပါ။ မိုက်မိုက်ရိုင်းရိုင်းပဲ အဲဒီ ဒုတိယထပ်မှာ စစ်တဲ့ စစ်ကောင်စီတွေ တပ်ဖွဲ့ ဝင်တွေက အောက်ထပ် မဆင်းပဲနဲ့ ခြံစည်းရိုး အုတ်တံတိုင်းပေါ်ကနေ တဖက် ခြံကို ခုန်ဝင်သွားကြတယ်။

ကျနော်က အောက်ထပ်ကို ဆင်းလာတော့ တူလေး တစ်ယောက်ရဲ့ ဖုန်းကို စစ်နေဆဲ။ စစ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ ဝင်တယောက်ရဲ့ ဘေးနား ကျနော် လာရပ်ပြီး "ဘာတွေ့လဲ။ သူ့ဖုန်းမှာ ဘာမှမှ မရှိတာ။ ကားမောင်းတာက လွဲပြီး သူ ဘယ်အပြင်မှ မထွက်တတ်ဘူး" လို့ပြောတော့ "ဘာမှတော့ မတွေ့ဘူး။ ကျနော်တို့ လိုက်ရှာနေတဲ့ CCTV camera ဆိုင်ကယ်နဲ့ ဒီဆိုင်ကယ် တူနေတယ်။" ဆိုပြီး သူတို့ Print ထုတ်လာတဲ့ ယောကျာ်းလေး ၂ ယောက် ဆိုင်ကယ် စီးနေတဲ့ ပုံ ပြတယ်။ "ဒီ ၂ ယောက်ပဲ ရဲ စခန်းကို ဗုံးလာပစ်ထည့်တာ။ ခြေထောက်မှာ တက်တူးထိုးထားတယ်။ သူတို့ ၂ ယောက်ကို လိုက်ရှာ နေတာ" လို့ သူက ပြောတယ်။

"စိတ်ထင်ပဲ ဖြစ်မယ်။ မဟုတ်ဘူး။ အကုန်စစ်ပါ။ ဆိုင်ကယ်လည်း စစ်ပါ" လို့ ကျနော် ပြောလိုက်တော့ ဆိုင်ကယ် တူးဘောက် တွေရော ဖွင့်စစ်တယ်။ ဘာမှ မတွေ့။ လောက်လေးခွ နဲ့ လောက်စာလုံးတွေတော့ သူတို့ သိမ်းသွားတယ်။

စစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အိမ်ရှေ့ ထွက်လာကြ တော့ ကျနော်လည်း လိုက်ထွက်လာတယ်။ သူတို့ ထွက်ဖို့ တံ‌ခါး သော့ ဖွင့်ပေးဖို့ ပြောတယ်။ သူတို့က အုတ်တံတိုင်းကျော် ဝင်လာကြတာ။ ကျနော့် စိတ်ထဲမှာတော့ "မင်းတို့ ဝင်လာတဲ့ အတိုင်း ပြန်ထွက်သွားလိုက်" လို့ ပြောချင်ပေမယ့် သော့ယူပြီး ညီအစ်မ နှစ်ယောက် ခြံတံခါးဖွင့်လိုက်တော့မှာ ခြံရှေ့လမ်းမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရောက်လာပြီး ကျနော်တို့ကို နှုတ်ဆက်တယ်။ အဲဒီတော့မှာ သူတို့နဲ့ သိလားတဲ့။

ခြံတံခါးဖွင့်ပြီး ဝေ့ ကြည့်လိုက်တော့ ပတ်ပတ်လည် လမ်းမှာရော ဝိုင်းရံ ပိတ်ဆို့ပြီး အစောင့်ချ ထားတယ်။ အရပ်ကားငယ် ၂ စီးလောက်နဲ့ စစ်ကား ၇ စီး လောက် လမ်းပေါ်မှာ ရပ်ထားတယ်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရင်းရင်းနှိးနှီး ပြောတော့ စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေက နည်းနည်း အချိုး ပြောင်းသွားတယ်။ "ကျနော်တို့လည်း တာဝန်အရ လုပ်ရတာပါ" တဲ့။ သူတို့ထွက်သွားချိန် နာရီကြည့်လိုက်တော့ မနက် ၁ နာရီခွဲကျော်နေပြီ။

တအောင့် အကြာ စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေက တခြားဘက် ရောက်သွားမှ အရှေ့အိမ်နဲ့ ဘေးအိမ်က ရောက်လာပြီး ဖြစ်စဉ် ပြောပါကြတယ်။

အရှေ့အိမ်က အဖွားတယောက်နဲ့ သူ့တူလေးရှိတယ်။ ထရံအိမ်။ ခြံဝင်းတံခါး‌လည်း ဖွင့်ထားတယ်။ မိုက်ရိုင်းချက်။ ခြံဝင်း တံခါးကနေ မဝင်ဘူး။ အုတ်တံတိုင်းကနေ ကျော်ဝင်တယ်။ အဖွားရဲ့ တဲအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ ဝင်တချို့က ဝိုင်းထားပြီး တချို့က တံခါး ကနေဝင်တဲ့ သူက ဝင်။ ထရံတွေ ဖြဲပြီး ဝင်တဲ့ သူက ဝင်တဲ့။

အဖွားက သူတူလေးကို တံခါးရွက် နောက်မှာ ပုန်းထားခိုင်းတာ စစ်ကောင်စီတွေ တွေ့သွားတော့ အလကား နေရင်း နဘန်ကျင်းလိုက်၊  ပိတ်ကန်လိုက်၊ ပိတ်ရိုက်လိုက်နဲ့ လုပ်တော့တာပဲ။ အင်္ကျီ၊ ဘောင်းဘီရှည်တွေပါ ချွတ်ပြီး စစ်ဖိနပ်နဲ့ ဆောင့်ကန်တာတဲ့။ အဖွားကတော့ ငိုယိုပြီး "အဖွား နေမကောင်းလို့ လာ‌ကြည့်တာပါ။ အဖွားလမ်းလည်း မလျှောက်နိုင်ဘူး။ တအားဖျားနေတယ်။ သူမရှိလို့ မရဘူး" လို့ အကြိမ်ကြိမ်တောင်းပန်တယ်။ ဘာမှ ရှာ မတွေ့မှပဲ ပြန်ထွက်သွားကြတာတဲ့။

အိမ်ဘေးကပ်လျက် အိမ်ကျတော့ ဘိန်းစား ယောကျာ်းလျာ တယောက်ပဲ ရှိနေတာ။ သူက စစ်ကောင်စီ တပ်ဖွဲ့တွေ ဝင်လာတာနဲ့ ဆေးလိပ်တွေ ထုတ်တိုက်တယ်၊ စကားတွေ ပြောပြီး ‌အဲဒီအိမ်မှာ ရှိတဲ့ ခေါက်ဆွဲ ထုတ်တွေပါ ယူစားသွားတယ်တဲ့။

အပေါ်ဘက်တစ်လမ်း ကောင်လေး သုံးယောက်ကိုတော့ ကျနော်တို့ အိမ်ဘက် မစစ်ခင် ရှေပိုင်း စစ်ပြီး ဖမ်းသွားပြီး ၃ နာရီလောက် အကြာမှာ ည သန်းခေါင်ကျော်မှ လူမှားသွားတယ် ဆိုပြီး ပြန်လွှတ် ပေးတာတဲ့။

နောက်ရက် မနက် မိုးလင်းတော့ ကျနော်တို့အိမ် တံခါးဘေး အုတ်တံတိုင် အောက်ခြေမှာ ကျောက်တုံး  ကျောက်ခဲ သေးသေးလေးတွေ ပုံထားတာတွေ့တယ်။ ဪ ညက စစ်ကောင်စီဝင် စစ်သား တွေက အဲလို ကျောက်ခဲ ပုံပြီး အဲပေါ်တက်ပြီး အုတ်တံတိုင်း ကျော်ဝင်လာကြတာကိုး။

ညအချိန် မတော် လက်နက်တကားကားနဲ့ ဝင်လာပြီး မတရား စစ်ဆေး ခံရတယ် ဆိုတာ သိပေမယ့် ကျနော် ဘာမှ မတတ်နိုင်ပါဘူး။

ကျနော်က စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြီးနောက် ရက်အနည်းငယ်အကြာမှာ  လိုင်စင် ဖျက်သိမ်းပြီး သတင်းတင်ဆက်ခွင့်မရှိကြောင်းကြေငြာထားတဲ့ သတင်းဌာနက အလွတ်တန်း သတင်းထောက် တစ်ယောက် ဖြစ်နေတာကို မသိသွားတာပဲ ကံကောင်းပါတယ်။

သတင်း တင်ပြခွင့်ရှိသေးတဲ့ ပြည်တွင်းအ‌ခြေစိုက် သတင်း ဌာနမှာလည်း အလွတ်တန်း သ‌တင်း‌ထောက် အနေနဲ့ သတင်းရေး ရေးနေတော့ သူတို့ရဲ့ မသင်္ကာစိတ် လျော့သွားသလို စစ်ဆေးမှုတွေမှာ သီသီလေးတွေ လွတ်သွားတော့ ထောင်နှုတ်ခမ်းဝ ကနေ သီသီလေး လွတ်ခဲ့ရခြင်းပါ။

ပန်းချီလက်ရာ Songbird။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ Songbird ကိုပံ့ပိုးကူညီပေးနေပါသည်။