လေးကေ့ကော်နေ့များ

လေးကေ့ကော်နေ့များ

ကရင်ပြည်နယ်

စာရေးသူသည် ကရင်ပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
 

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး သုံးလခန့်အကြာ နွေရာသီအတွင်းမှာပေါ့။ ကျွန်တော်နေတဲ့ စစ်ပြေးဒုက္ခသယ်စခန်းဟာ ပူအိုက်ပြီး ဖုန်ထူကာ စည်ကားနေတဲ့အချိန်ပါ။

ကျွန်တော်ကတော့ တစ်ယောက်ထဲ။  မိသားစုနဲ့ ကိုယ့်ကို အားထားနေရသူတွေ၊ ကိုယ်ချစ်တဲ့ သားသမီးတွေကို ကရင်ပြည်နယ်မှာ ချန်ထားခဲ့ရပြီး ထွက်လာရတာမို့လို့ မကြာခဏ စိတ်ဓာတ်ကျနေတတ်တယ်။

စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ကိုယ်ဇာတိမှာ ဆက်ပြီး ရှင်သန် ဖို့ ခက်ခဲလာခဲ့တယ်။ အထူးသဖြင့် ကျွန်တော်တို့လို သတင်းထုတ်လုပ်နိုင်သူတွေကို ပစ်မှတ်ထားလာတဲ့အခါ လုံခြုံမယ့်နေရာတစ်ခုကို ရောက်ဖို့ ခက်ခဲစွာပဲ ကြိုးစားခဲ့တယ်။ ကျွန်တော်တို လုံခြုံမှ ရှင်သန်မှ စစ်အာဏာရှင်ကို ဆက်တိုက်နိုင်မှာ မဟုတ်လား။ ဖမ်းဆီးနှိပ်စက် ပစ်ခတ် သတ်ဖြတ် တာတွေ ရှိလာတာရယ်၊ ကိုယ့်ကိုလည်း ရှာဖွေဖမ်းဆီးဖို့ စောင့်ကြည့်တာ၊ ဖမ်းဆီးဖို့ ကြိုးစားတာတွေကို ရှောင်ရင်း လေးကေ့ကော်ဘက်ကို ရောက်သွားတယ်။

အကြိမ်ကြိမ်ဝမ်းနည်း စိတ်ဓာတ်ကျရတာရှိပေမယ့် ကျွန်တော့်ပတ်ဝန်းကျင်မှာ ရှိတဲ့ အာဏာရှင်တော်လှန်ဖို့ဘဝကို ပုံစံအမျိုးမျိုးနဲ့ရွေးချယ်ခဲ့ကြတဲ့သူတွေဒုနဲ့ဒေး ဆိုတာ ကျွန်တော်သတိထားမိခဲ့တယ်။ 

တစ်နေ့တော့ အသစ်ရောက်လာတဲ့ သူတွေကို အကူအညီပေးနေတုန်း ယာဉ်ထိန်းရဲ ဘဝကိုစွန့်ပြီး အာဏာရှင်ကို တော်လှန်ချင်တဲ့ (အမည်မဖော်လို) တဲ့ စစ်ကိုင်းမှာမွေး စစ်ကိုင်းမှာကြီးတဲ့ စစ်ကိုင်းသားတစ်ဦးနဲ့ စကားပြောဖြစ်ခဲ့တယ်။

“ကျွန်တော်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ယာဉ်ထိမ်းတပ်ဖွဲ့ရဲ့ အစိုးရအဖွဲ့ယာဉ်တန်းဆိုင်ကယ်တပ်စိတ်ရဲ့ ခေါင်းဆောင်တစ်ယောက်ပါ။” 

သူက အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးနဲ့ သူ့ဇာတ်လမ်းကို ဝမ်းနည်းစိတ်နဲ့ ပြောပြတယ်။ တကယ်တော့ သူရဲအရာရှိလုပ်လာတာ ၂၁ နှစ်ရှိပါပြီ။ အာဏာသိမ်းပြီးနောက်မှာတော့ သူ့မိတ်ဆွေတွေနဲ့ ဆွေမျိုးအချို့ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်။ သူလည်း ဒီလိုပဲလုပ်ချင်တယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ချက်က သူ့ကမ္ဘာကို ဇောက်ထိုးပြောင်းသွားစေပါတယ်။ သူ့အလုပ်ကြောင့် အိမ်ထဲမှာပဲ မနေနိုင်ဘဲ ချက်ခြင်းပြေးဖို့ တွန်းအားပေးခံခဲ့ရတယ်။

"ကျွန်တော်တာဝန်ကျရာနေရာကနေ CDM လုပ်ဖို့ ထွက်ပြေးတိမ်းရှောင်တဲ့နေ့ကတစ်လမ်းလုံး မှာ ကိုယ်တစ်ယောက်ထဲ ဆိုင်ကယ်တစ်စီး၊ တစ်ကိုယ်ရေစာ အဝတ်ထုတ် နဲ့ လူတစ်ယောက် ပေါ့ ဗျာ၊ စစ်ကိုင်းကနေ မန်းလေး(မန္တလေး) ၊ နေပြည်တော်၊ ပဲခူး၊ သထုံ၊ ဘားအံ၊ မြဝတီ ပေါ့။ စစ်ကိုင်း မြို့အထွက် ကွင်းလမ်းက ပတ်ထွက်၊ မန်းလေးမြို့ရှောင်လမ်းက နေပြည်တော်လမ်းကိုတက်၊ နေပြည်တော် အဝင်အထွက် စစ်ဆေးရေးက ရဲက တစ်ကြိမ်စစ်၊ တပ်က တစ်ကြိမ်စစ်၊ ကျန်းမာရေးက ဆေးစစ်” လို့ သူကပြောပြတယ်။ 

"ရင်တုန် ရင်ခုန်ပေမယ့် ကျဘမ်း အလုပ်သမားတစ်ယောက် နေပြည်တော် အလုပ် ရပ်တော့ ပဲခူးအိမ်ပြန်မယ် ဆိုတဲ့ အဖြေ နဲ့ ဂိတ်ကိုလွတ်ခဲ့တယ်” လို့ သူကဆိုတယ်။

အဲဒီအချိန်ကစပြီး ကျွန်တော််တို့ သူငယ်ချင်းဖြစ်သွားပြီး အခုအထိအကူအညီလိုရင် အပြန်အလှန်ပေးကြပါတယ်။

အဲဒီနောက်ပိုင်းသူ့အနေနဲ့ PDF စစ်သင်တန်းတွေ၊ စစ်ကင်း၊ ဝပ်ကင်းစောင့်ရ တာတွေအပြင် ကူလို့ရသမျှကိုကူနေရင်း၂၀၂၁ ဒီဇင်ဘာ ၁၅ရက် မှာ စစ်တပ်က လေးကေ့ကော်ကို ထိုးစစ်ဆင်ပြီးနောက်မှာ ဘဝတွေက ရုတ်တရက် စစ်ပွဲကြီးထဲ ရောက်သွားတာဆိုတော့ တုန်လှုပ်မိတယ် လို့ သူ့အတွေ့အကြုံကို မျှဝေလာပါတယ်။

မြေပြင်မှာလည်း လူငယ်တွေ၊ ကရင်တော်လှန်ရေးအဖွဲ့တွေ၊ ခုခံစစ်ကို တိုက်နေကြတယ်။ လူနာတွေ၊ ကျဆုံးသွားတဲ့ ရဲဘော်အလောင်းတွေ၊ စစ်ဘေးရှောင်ကြရတဲ့ ရွာသားတွေ၊ တစ်ကယ့်ကို ကူရာကယ်ရာမဲ့ပဲလေ။

သောင်ရင်းမြစ်ကို ရင်စို့လောက် ရှိတဲ့ ရေထဲကနေ ထိုင်းနိုင်ငံဘက်ကမ်းကို ကူးပြေးခဲ့ရတဲ့ ညနေကတော့ ဘဝမှာ မမေ့ နိုင်စရာ ပါဘဲ လို့ သူ)က ဆိုပါတယ်။ သူတို့တစ်ပတ် လောက် နွားခြံ ထဲ နေခဲ့ရတာကို  ကျွန်တော့ ကို သူ ပြောပြတယ်။ 

"ကျွန်တော်တို့တွေ CDM စစ်သား၊ ရဲ၊ ဝန်ထမ်း အုပ်စုတွေ လေယာဉ်လာပစ်တော့  မြစ်ကမ်းပါးဘေးကွယ်ပြီး ဆင်းပြီးဝပ်ပုန်းနေရတယ်။"

"ကျွန်တော်လည်း စိတ်တွေ ကြောက်လာတယ်၊ ငိုတဲ့သူကငို၊ ဟိုပြေးဒီပြေး၊ သေနပ်သံတွေ က ဆူညံနေရော၊ လက်နက်ကြီးကလည်း ကိုယ်ကမြေမှာ ဝပ်နေတော့ မြေကြီးပါတုန်တုန်နေရော အသံအကျယ်ကြီးတွေ၊ လူစုမကွဲအောင်လည်း နေရတယ်၊ လူတိုင်းကြောက်နေကြတယ်။"

"လက်နက်ကြီးတွေ တအား ကျလာတော့ ထိုင်ဘက်ကမ်းကို မြစ်ဖြတ်ကူးပြီး ပြေးတက်ရတယ်။ မြစ်ထဲ ကြိုးတွေ တန်းပြီး လူတွေ အဲ့ကနေ ကြိုးကိုကိုင် ခြေကို ရေထဲ စမ်းစမ်းပြီး ကူးသွားရတယ်၊ ထိုင်းဘက်ကမ်းပေါ်တက်တော့ ထိုင်းစစ်တပ်က အထုပ်တွေ ရှာတယ်၊ လက်နက်ကိုင်ထဲ ကလူလား ဆိုတာ မေးတယ်၊ နောက် နွားခြံထဲ ဝင်နေ ဖို့ပြော တော့မှ စိတ်က နဲနဲ သက်သာတယ်၊ အသက်တောင် ဖြောင့်အောင် မရူနိုင်ခဲ့ ဘူး။"

"ရေထဲဖြတ်ကူးလာတာဆိုတော့ အကုန်ရေစို အဝတ်စိုပေါ့၊ အမိုးအကာရှိရုံဘဲလေ၊နွားချေးပုံတွေ သန့်ရှင်းရေးလုပ်ပြီး ပုဆိုးခင်း၊ရေစိုနေတဲ့ အဝတ် ကျောပိုးအိတ်ကို ခေါင်းအုံးလုပ်လှဲနေရတယ်။ ဆောင်းရာသီ အေးကအေးနဲ့ အိပ်မရ၊ တစ်ဘက်ကမ်းက ပစ်ခတ် နေ တဲ့ တိုက်ပွဲ သံတွေက ကြားနေရ။”

"ညစာ ဗိုက်ဆာလို့ ဆာမှန်းမသိ၊ မှောင်ထဲ နေနေရ၊ ဝပ်နေရ၊ စစ်တပ်လက်နက်ကြီးက နွားခြံဘေး ပြောင်းစိုက်ခင်းထဲ ကျပေါက်တာ လူတွေ ထပြီးပြေးမိပြေးရာ ပြေးကြပေါ့။ ထိုင်းစစ်တပ်က လူပြန်စစ်၊ နေရာပြန်ချ နဲ့ မိုးလင်းတော့ ထိုင်းဘက်က မြန်မာတွေ ထမင်းထုပ်၊ မုန့် ၊ ရေသန့်ဗူး တွေ လာပေး မှ စားစရာရတယ်။ အဲ့လို တစ်ပတ်လောက် နေနေရပြီး မှ မြန်မာပြည်ဘက် ပြန်ပို့ တာမှာ လေးကေ့ကော် အုပ်ချုပ်ရေး ကရင်လူကြီးတွေက ယာယီ စစ်ရှောင်စခန်း လုပ်တော့ အဲ့ဒီကို ပြောင်းရွေ့ ပါသွားရတာပေါ့” လို့ သူရဲ့ ကြောက်စိတ်အပြည့် နဲ့ ဖြတ်သန်းခဲ့ရတဲ့ အခိုက်အတန့်ကိုကျွန်တော့ကို ပြန်ပြောပြခဲ့တယ်။

ကျွန်တော်မှာလဲ သူ့လိုပဲ မမေ့နိုင်တဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။

၂၀၂၁ ဒီဇင်ဘာရဲ့ မနက်ပိုင်း တစ်ရက်မှာ တိုက်ပွဲ စဖြစ်တယ်။ PDF တွေ ပစ်တဲ့ စနိုက်ဘာက တိုက်ပွဲကို ကျည်စပေါက်လိုက်တဲ့ သေနတ်သံ ပြီးတော့ RPG ပစ်လိုက်တာ ပေါက်ကွဲတဲ့ ဓာတ်ပုံ နဲ့ ရုပ်သံတွေ ကျွန်တော် သတင်းတွေ လုပ်နိုင်ခဲ့တယ်။ ၂၀၂၂ မေလ လောက်အထိ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခဲ့ကြတဲ့ စစ်ကောင်စီ တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ ရဲ့ တိုက်ပွဲ တွေ အကြား မှာသတင်းတွေလုပ်နေခဲ့တယ်။ 

ကျွန်တော့် အနီးအနား လက်နက်ကြီးကျပေါက်တာ၊ ကျည်ဆံတွေ ဖြတ်ထွက် သွားတာ မကြာခဏ ကြုံရတယ်၊ ရဟတ်ယာဉ်က ပစ်တာ၊ ဗုံးကြဲတာတွေ အကြားမှာ မြေကြီးမှာဝပ်၊ ညဘက် မှောင်ထဲမှာ နေရတာ၊ ကတုတ်မြောင်းတွေမှာ ခိုနေပြီး တိုက်ပွဲထဲပါနေခဲ့တဲ့ ရက်တွေ က ဘဝမှာ မမေ့နိုင်စရာ အဖြစ်အပျက် တွေ ပေါ့။

အဲဒီရက်တွေအတွင်းမှာ စစ်မြေပြင်က တိုက်ပွဲ သတင်းတွေကို ဆက်တိုက်ပေးပို့နေခဲ့ တယ်။

စစ်တပ်ရဲ့ မတရား ပစ်ခတ် တာတွေ လေကြောင်းက ဗုံးကြဲတာတွေက ပြည်သူ နဲ့ နိုင်ငံတကာကသိဖို့ ကိုယ့်ရုပ်သံ၊ ကိုယ်သတင်းဓါတ်ပုံတွေက အထောက်အပံ ဖြစ်ရမယ်လို့တွေးပြီး ဒါက ငါ လုပ်ကို ဆက်လုပ်ရမယ့် တာဝန်ဆိုတာမျိုး ခံယူပြီး စစ်သတင်းတွေကို မြေပြင် တိတိကျကျ အဖြစ်အပျက်တွေ ကို သတင်းယူခဲ့ တယ်။

စိတ်မချမ်းမြေစရာ၊ နာကျည်းမုန်းတီးစရာ၊ မေ့လို့ မရတဲ့ စစ်ပွဲ ရဲ့ ဆိုးကျိုး တွေ က အခုထိ့ မှတ်မိပြီး စိတ်ထဲ ဖျောက်မရ ဖြစ်ရတယ်။‌ ၂၀၂၂ ဖေဖော်ဝါရီ လောက်မှာ တိုက်ပွဲ တွေ ပြင်းထန်လာတော့ ရှေ့တန်းနေရတာမလွယ်တော့ဘူး။ သို့ပေမယ့် ပိုပြီးခိုင်မာတဲ့ အခြေအနေကိုသိရချင်လို့ကြောင့် စစ်မြေပြင် သတင်းထောက် အလုပ်ကို ဆက်လုပ် ရင်း စစ်မြေပြင်နဲ့နီးတဲ့ နောက်တန်း စခန်းတွေဘက်သွားလိုက်၊ စစ်‌ ဘေးရှောင်စခန်းတွေဘက်သွားလိုက်၊ ထိုင်းနယ်စပ်ရွာဘက် ပြန်လာနေလိုက်နဲ့ ဒီကနေ့ ၂၀၂၃ ဒီဇင်ဘာအထိ့ ပါဘဲ။

အခု့အထိကားတံခါးပိတ်သံ၊ ပစ္စည်းပြုတ်ကျသံ၊ မီးပန်း၊ ဗျောက်အိုးဖောက်သံ၊ ကားဘီး၊ ဆိုင်ကယ်ဘီးပေါက်သံတွေကို ကြားရရင် ကိုယ့်အနား လက်နက်ကြီး ကျပေါက်ခဲ့တုန်းက အခြေအနေကို တွေးသိပြီး လန့်နေတုန်းဘဲ။ 
 

ပန်းချီလက်ရာ JC သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။