မဂန်းလူမျိုးတို့ရဲ့ နောက်ဆုံးသော ပုလွေရှင်

မဂန်းလူမျိုးတို့ရဲ့ နောက်ဆုံးသော ပုလွေရှင်

မင်းတပ်

မြန်မာနိုင်ငံ ချင်းပြည်နယ် မင်းတပ်မြို့နယ် ဒေသတဝိုက်အတွင်း နှာခေါင်းကို အသုံးပြုပြီး ပုလွေမှုတ်တဲ့ အနုပညာကို ကျွမ်းကျင်သူတွေထဲမှာ ဒေါ်ယောရှမ်းဟာ နောက်ဆုံးသော အသက်ရှင်နေသူ ပုလွေရှင် တစ်ဦးပါ။ သူ့အသက်ကပင် ၉၀ ကျော်ပြီ ဖြစ်ပါတယ်။

သူ့ရဲ့ အနုပညာကို ပြဖို့ နားပေါ်မှာလည်း အရောင်တောက်ပတဲ့ ပုတီးတွေပါဝင်တဲ့ မဂန်းလူမျိုးတို့ရဲ့ ရိုးရာဝတ်စုံကို  ဝတ်ဆင်ပြီး ဖျော်ဖြေလေ့ ရှိပါတယ်။

အခန်းထဲကို လျှောက်လာတဲ့ ဒေါ်ယောရှမ်းရဲ့ ခြေလှမ်းတွေဟာ အသက်ကြောင့် ဖြေးညင်း ညင်သာ နှေးကွေးနေပြီး သူမရဲ့ မျက်နှာမှာတော့ ဟိုး အရင်တုန်းက ထိုးထားတဲ့ ဆေးမှင်ကြောင် ပုံစံအကွက် တွေက အခုတော့ ရေးရေးပဲ ကျန်ပါတော့တယ်။

ပုလွေကို လက်မှာကိုင်ရင်း သူထိုင်တဲ့ နေရာယူပြီးနောက် ဒေါ်ယောရှမ်းဟာ သူ့ရဲ့ ဂီတကို နားထောင်ဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေကို ရွှင်ရွှင်လန်းလန်း ပြုံးပြနှုတ်ဆက်ပါတယ်။    

Yaw Shen

မင်းတပ်ကို လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ပြောင်းလာခဲ့တဲ့ ဒေါ်ယောရှမ်းဟာ ဒီထူးခြားတဲ့ ရှေးဟောင်း ရိုးရာ လေမှုတ် ကိရိယာ ပုလွေကို မှုတ်တတ်အောင် သူ့အမေက သင်ပေးခဲ့တာပါ။ သူတို့ရဲ့ မဂန်းလူမျိုး တွေမှာ အမျိုးသမီးတွေကပဲ ဒီပုလွေကို မှုတ်ပါတယ်။

ဒေါ်ယောရှမ်းဟာ သူ့သမီးကို ဒီအတတ်ပညာ သင်ပေးဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ “မျိုးဆက်သစ်တွေက မလေ့ကျင့်ချင်ဘူး” လို့ သူမက ဆိုတော့ သူ့သူငယ်ချင်း ဒေါ်ဟွန်ရှမ်းက ရယ်ပါတယ်။

Hon Shen

လူငယ်တွေဟာ ဒီပုလွေမှုတ်တာကို သင်ဖို့ စိတ်ဝင်စားမှု မပြပေမယ့် ဧည့်သည်တွေ၊ ခရီးသွားတွေကတော့ ဒီထူးခြားတဲ့ ကိရိယာကို ကျွမ်းကျင်သူ အနေနဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ ဒီဖော်ရွေတဲ့ အဖွားဆီကို စိတ်ဝင်တစား လာခဲ့ကြပါတယ်။

ဒီ အတတ်ပညာဟာ ပုလွေထဲကို နှာခေါင်းကနေ အသက်ပြင်းပြင်းနဲ့ မှန်မှန်ရှုပြီး မှုတ်ရတာပါ။ 

ဒေါ်ယောရှမ်းဟာ တစ်ခါတစ်လေ ဧည့်သည်တွေ အတွက် တစ်နေ့ ၃ ကြိမ်လောက် ပုလွေမှုတ်ပြပြီး မိသားစု အတွက် အပို ဝင်ငွေ ရှာပေးပါတယ်။ မိုးတွင်းမှာ ဆိုရင်တော့ တစ်လလုံးတောင်မှ အုပ်စု ၂ စု လောက်ပဲ လာတတ်တယ် လို့ ဆိုပါတယ်။