မျှော်လင့်ခြင်းများနဲ့ သီချင်းသမား တစ်ယောက်

မျှော်လင့်ခြင်းများနဲ့ သီချင်းသမား တစ်ယောက်

မြစ်ကြီးနား၊ ကချင်ပြည်နယ်

လက်တစ်ဖက်က ဆိုင်ကယ်လက်ကိုင်ကို ထိန်းရင်း နောက်တစ်ဖက်က ဂစ်တာကို ပိုက်ကာ နော်ရိန့် တစ်ယောက် မနောကွင်းထဲကို ဆိုက်ကယ် စီးပြီး ဝင်လာပုံကတော့ ရော့ခ်အင်ရိုး ဂီတ စတားတယောက် ပုံစံအပြည့်နဲ့ပါ။ ညနေပိုင်း နေရောင်ခြည်ဟာ ကွင်းထဲကို ဖြာကျလို့ အလင်းတန်းလေးတွေ မပျောက်ခင်မှာ ဖက်ရှင်ကျကျ လှပကြည်လင်နေလေရဲ့။ နည်းနည်း နောက်ကျပြီး ရောက်လာပေမယ့် ဖူးထွက်စ ဒီ ပေါ့ပ်ကြယ်ပွင့် ကလေးဟာ နာမည်ကြီးသူတချို့ ဖြစ်သွားတတ် သလိုမျိုး မောက်မာတဲ့ ပုံစံရယ်လို့ မရှိပါဘူး။ နောက်ကျမိတဲ့ အတွက် တောင်းတောင်းပန်ပန်နဲ့ပဲ ဂစ်တာကို  လက်ထဲမှာ ကိုင်လို့ မနောကွင်းထဲက ဆေးရောင်တောက်တွေ ခြယ်ထားတဲ့ အဆောင်တစ်ဆောင်ရဲ့ လှေကားထစ်ပေါ် ပစ်ထိုင်လိုက် ပြီး နုလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ပါတဲ့ သီချင်းတစ်ပိုဒ်ကို စတင် သီဆိုလိုက်ပါတယ်။ 

သူ့ဘေးနား တစ်ဝိုက်မှာတော့ ညနေမှောင်ရီ မသန်းခင် လမ်းလျှောက်နေကြတဲ့ မိသားစုတွေ၊ ဆယ်ဖီရိုက်တဲ့ မိန်းမပျိုလေးတွေ ကတော့ ရိုက်တာကို ခဏရပ်ပြီး သီချင်းကို နားထောင်နေလေရဲ့။ 

မနောကွင်းဟာ မြစ်ကြီးနားမြို့ရဲ့ အဓိကနဲ့ အထင်ကရ နေရာပါ။ အရောင်စုံဂျီသြမေတြီဒီ ဇိုင်းတွေနဲ့ တန်ဆာဆင်ထားတဲ့ မနောတိုင်တွေဟာ မြင့်မြင့်မားမားနဲ့ ထည်ဝါခန့်ငြားလို့။ ကချင်လူမျိုးတွေ အတွက် အလွန်အရေးပါတဲ့…၊ နှစ်တိုင်းနှစ်တိုင်း ကျင်းပလေ့ရှိတဲ့ ကချင်နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေကျနေရာပါ။ လှပတဲ့ ကချင်တိုင်းရင်းသား အဝတ်တန်ဆာတွေ ဝတ်ဆင်ပြီး ပျော်ရွှင်စွာ ကကြခုန်ကြတဲ့ ပွဲပေါ့။ လူထုဆန္ဒ ဖော်ပြတာတွေ၊ သီချင်းပွဲတော်တွေ လုပ်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့ အတွက် မနောပွဲ မလုပ်ဖြစ်ခဲ့တဲ့နှစ် တချို့လည်း ရှိပါတယ်။ 

ကချင်ပြည်နယ်လို့ ဆိုလိုက်ရင် အခုအချိန်မှာ အဓိကထား ပြောနေကြတာကတော့ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်တို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်စီးပြီး တိုက်ပွဲတွေ ပြန်ဖြစ်တာနဲ့ ကချင်လူမျိုးတွေ ဖိနှိပ်မျိုးစုံ ခံရတာပါပဲ။ ၂၀၁၁ ခုနှစ် ကတည်းက ပြန်လည် စတင်လိုက်တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ သိန်းနဲ့ချီလို့ ထွက်ပြေးခဲ့ရပြီး ဒီဒုက္ခသည် တွေဟာ ပြည်နယ်တစ်လျှောက်မှာ ရှိတဲ့ စခန်းတွေမှာ မှီခိုနေကြရပါတယ်။ ဘယ်တော့မှ အိမ်ပြန်လို့ ရမှာလဲဆိုတာ အခုအချိန်ထိ သူတို့မှာ မရေရာ မရှိသေးပါဘူး။

စစ်ဖြစ်နေပေမယ့် ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကတော့ ဆက်လက်ပြီး စည်ကားလှုပ်ရှားနေပါတယ်။ လူမျိုးစုံ၊ ဘာသာမျိုးစုံ၊ ယာဉ်ကျေးမှုမျိုးစုံ ပေါင်းစပ်ထားတဲ့ နေရာတစ်နေရာပါ။ ဧရာဝတီမြစ်ကမ်းနဖူးမှာ မေးတင်ပြီးနေတဲ့ မြို့ပေါ့။

နာမည်ကြီး အဆိုတော်တွေ၊ ဂီတပညာရှင်တွေ အမြောက်အများ မွေးဖွားပေးတဲ့ ဘူမိနက်သန် နေရာတစ်နေရာလည်း ဖြစ်ပါတယ်။ နော်ရိန့်လည်း အဲဒီအထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ဖို့ ကြိုးစားနေတာပေါ့။ 

ဒါပေမယ့် စစ်အစိုးရလက်အောက်မှာ ယဉ်ကျေးမှု အပါအဝင် အဘက်ဘက်က ဖိနှိပ်မှုတွေ ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ရော့ခ်ကြယ်ပွင့် တစ်ပွင့် ဖြစ်ဖို့က မလွယ်ပါဘူး။ 

နော်ရိန့်ဟာ ငယ်ငယ်တုန်းက ဆန်းဒေးစကူး ဆရာတွေက ဂစ်တာတွေ တီးပြီး သီချင်း သင်ပေးခဲ့တာက စပြီး ဂီတကို စိတ်ဝင်စားလာ တာပါ။

“အမေကို သတိရတဲ့ အကြောင်းပေါ့၊ ကျွန်တော် ခရီးထွက်တုန်းကပေါ့”လို့ ဆိုပြီးသွားတော့ ရှင်းပြပါတယ်။ 

“(သီချင်း) စစချင်းက  ဘာလဲဆိုတော့ ခရီးအဝေးကို ကျွန်တော်ထွက်သွားတဲ့ အချိန် ပေါ့နော်။ အမေက ကျွန်တော့်ကို စကား ပါးလိုက်တယ် ပေါ့၊ အမေ့သားလေး ချမ်းမြေ့ပါစေ ဆိုပြီးတော့မှ။ အဲဒါကို ကျွန်တော်က အရမ်းသတိရတယ် ပေါ့။ ပြီးရင် အခုပေါ့နော်…၊ ကျွန်တော်က ‘အမေ အမေ’ ဆိုပြီးတော့မှ အမေ့ကို တမ်းတပြီးမှ အော်ဟစ်မိတယ် ပေါ့။ အမေ တစ်ယောက်တည်းသာ ကျွန်တော့်အတွက် မေတ္တာဖန်ဆင်းရှင် အမှန်။ Chorus ကကျတော့ ကျွန်တော် အော်မိတာ ပေါ့နော်၊ အမေပေါ့၊ ကျွန်တော်သားလေး အမေ့ကို အရမ်း သတိရတယ်ပေါ့။ သားလေး အမေ့ကို စကားပါးလိုက်မယ် ပေါ့၊ အဲဒါ အရမ်းချစ်တယ် ပေါ့၊ အဆုံးသတ်က အဲလို….”

အသက် ၂၀ သာ ရှိသေးပြီး၊ အသားဖြူဖြူ၊ ရူပါကောင်းကောင်း၊ ဆိုင်ကယ်စီးလာလို့ လေဝှေ့ထားတဲ့ ဆံပင်နဲ့ နော်ရိန့်ဟာ အခု မြန်မာပြည်က ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အသည်းနှလုံးကို တဖြတ်ဖြတ် ခါသွားအောင်လုပ်တတ်တဲ့ ကိုးရီးယား မင်းသားတွေနဲ့ သိပ်မကွာခြားလှပါဘူး။ ဒါပေမယ့် နော်ရိန့်ကတော့ အချစ်အကြောင်းကို သူ သိပ် မတွေးမိပါဘူး တဲ့။ သူ့သီချင်း အတော်များများက သူ့အမေ အကြောင်းပဲ များတယ် လို့ ဆိုပါတယ်။ 

“(သီချင်း) ရေးတဲ့ ထဲမှာလည်း အမေ အကြောင်းတွေ ပိုပါတယ်။ အရမ်းချစ်ကြတယ် ဘာညာ အဲလိုမျိုးကျတော့ မရေးတတ်ဘူး။ မရေးတတ်ဘူး ဆိုတာက မိုင်နာလောက်တော့ ရတယ်ပေါ့ နော်။ မေဂျာ ကျတော့ဗျာ တစ်ဖက်သတ် ဒီဇိုင်းလိုမျိုး ကိုယ်ကတော့ ချစ်နေတယ် အဲလိုမျိုး။ ပြီးရင် အသည်းကွဲတဲ့ သီချင်းလိုမျိုး” 

သူနဲ့ သူ့အမေရဲ့ အင်အားကြီးမားတဲ့ တုပ်နှောင်မှုဟာ သူငယ်ငယ်လေး ကတည်းက သူ့အဖေ ဆုံးသွားတာကနေ စတာပါပဲ။ 

“ဟုတ်တယ်၊ အမေကို ချစ်တယ်။ အဖေသီချင်းရေးမယ် လို့ ကြံတိုင်း ဘယ်လိုမှ စိတ်ကူး မထွက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဖေ့မေတ္တာ မခံစားရသွားလို့ ပေါ့နော်။ အမေနဲ့ပဲ ကြီးလာတာဆိုတော့….”

“အမေပြောပြမှ သိတာလေ။ နင့်အဖေ ဆုံးသွားတာ ဆိုရင် နင်က လေးဖက်သွားတောင် မသွားတတ်သေးဘူး တဲ့” 

သူ့အမေက အိမ်မှာ ဆိုင်အသေးလေး တစ်ဆိုင်ဖွင့်ပြီး သားသမီးတွေကို ရှာဖွေကြွေးခဲ့ပါတယ်။ 

“တစ်နေ့လုပ်စာ တစ်နေ့စား။ အဲလိုပဲ လုပ်ကြွေးရင်းနဲ့ အစ်ကိုလည်း ဆယ်တန်းအောင် အစ်မလည်းဘွဲ့ရပြီပေါ့ နော်။ နောက်ထပ် ဘွဲ့တစ်ခု ပြန်တက်နေတယ်။ မဟာပေါ့။ အခုကျွန်တော်လဲ second year ဖြေထားတယ်ပေါ့။ distance (အဝေးသင်) ပေါ့” 

စစ်ဖြစ်နေပေမယ့် ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကတော့ ဆက်လက်ပြီး စည်ကားလှုပ်ရှားနေပါတယ်။

ဒီ (ဗွီဒီယိုထဲက) သီချင်းကတော့ သူ ၂၀၁၅ တုန်းက ရန်ကုန်လာပြီး “လူငယ်တို့ရဲ့ အသံ” ပြိုင်ပွဲ အိမ်မက်နောက်ကို လိုက်တုန်းက သူ့အမေကို လွမ်းပြီး ရေးထားတဲ့ သီချင်းလို့ ပြောပါတယ်။ Turning Tables လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ဂီတကို အသုံးပြုပြီး ဘေးဖယ်ခံထားရတဲ့ လူငယ်တွေကို ကူညီပံ့ပိုးပေးတဲ့ ပြိုင်ပွဲပါ။ 

အဆိုတော်ဖြစ်ချင်သူတွေ ဒါဇင်လိုက် ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရတဲ့ သူကိုတော့ မဲပေးပြီး ရွေးချယ်ပါတယ်။ 

“နောက်ဆုံးက (ပြိုင်ပွဲမှာ) ဒိုင်က နှစ်ယောက်ရွေးမယ်၊ ပရိသတ် Vote ကနှစ်ယောက်ရွေးမယ်။ အကုန်လုံး (ပြိုင်တာ) သုံးဆယ်ကျော် လေးဆယ်နီးပါးလောက် ရှိတယ်” 

“ကျွန်တော်ရမယ် ဆိုတာ စိတ်ကူးထဲမှာတောင် မရှိဘူးပေါ့။ ကျွန်တော့်ထက် အသံကောင်းတာတွေ ဆိုတတ်တာတွေ အများကြီး ရှိတယ် ဆိုတော့။ နောက်ပြီးတော့ အဲမှာကလည်း နော်ရိန့် ကလဲ နာမည် နှစ်ခုပါနေတာ”

“နော်ရိန့်တဲ့ vote အများဆုံးရတဲ့ သူ ဆိုတော့ ကျွန်တော်က ဘယ်လိုမှ မထင်ဘူး ဆိုတော့ အေးဆေးလေး နေနေတာ။ အဲဒါ နောက် သူငယ်ချင်း နော်ရိန့်က 

“ဟေ့… နော်ရိန့်… မင်းကို ပြောနေတာ သွားတော့တဲ့”

“အာ… ငါမဟုတ်လောက်ဘူး လို့၊ မင်းအသံ အရမ်းကောင်းတာ..၊ မင်းဟုတ်လောက်တယ်” ဆိုပြီးတော့မှ သူ့ကို သွားခိုင်းနေတာ”

နောက်ဆုံးတော့ ဒိုင်တွေက သူနိုင်တာပါလို့ (ကျွန်တော့်ကို) အတည်ပြုလိုက်တယ်။ 

“အော် ကျွန်တော်ပါလား ဆို…၊ (ကျွန်တော် စင်ပေါ်) တက်သွားတာ။ အရမ်း အံ့သြသွားတာပဲ၊ ပြီးရင် အရမ်းလည်း ပျော်တာပေါ့၊ ဂုဏ်လည်း ယူမိတာပေါ့”

မြန်မာနိုင်ငံမှာ လူငယ်တွေ အတွက် ချိန်းဆို တွေ့ဆုံစရာ နေရာ၊ ပျော်စရာ နေရာတွေ၊ သီချင်းနားထောင်ဖို့ နေရာတွေ၊ အတော် ရှားပါးပါတယ်။ ကျေးလက်ဒေသတွေမှာဆို ပိုရှားပါတယ်။

နော်ရိန့်ဟာ အသက် ၁၀ နှစ်လောက်ကတည်းက ဂီတကို ဝါသနာပါကြောင်း သဘောပေါက်ခဲ့တာပါ။ ဆန်းဒေးစကူး ဆရာတွေက ကလေးတွေကို ဂစ်တာတွေ ဘာတွေ တီးပြီး သီချင်း သင်ပေးခဲ့တာက စပြီး စိတ်ဝင်စားလာ တာပါ။ 

 “အိမ်မှာ ကျွန်တော်တို့ဆိုရင် ငယ်ငယ်ကတည်းက ဆင်းရဲတယ် ပေါ့နော်။ ဂစ်တာဆိုရင်လည်း သူများတွေလို အကောင်းလည်း မရှိဘူးပေါ့။ ဒါပေမယ့် အသံတော့ ထွက်တယ်လေ။ အဲလိုမျိုးဆို အဲတာနဲ့ပဲ ဖြစ်သလို တီးတယ်။ အသံထွက်ရင် ပြီးရော ဆိုပြီးတော့မှ တီးတယ် တီးတယ် တီးတယ်” 

“အဲတုန်းကတော့ ၁၀၊ ၁၂ လောက်ပေါ့။ ဂစ်တာတောင်မှ အကြီးကြီးပဲ။ ကျွန်တော့် ကိုယ်လုံးက သေးသေးလေးပဲရ ှိတာ”

“သင်တန်းတွေ တက်ပြီးမှ တစ်ခါမှ မသင်ခဲ့ဖူးဘူး။ အစ်ကိုကတော့ နည်းနည်းပါးပါး သင်ခဲ့တယ်။ သူတို့ တီးတာတွေ ကြည့်ပြီးတော့မှ ကျွန်တော့်ဘာသာ ကျွန်တော် တီးပြီးတော့မှ နောက်ပိုင်းကျတော့ သိချင်တာတွေ ထပ်မေး၊ ထပ်မေးပြီး တော့ အဲလိုမျိုးပဲ တီးတတ်သွားတာပေါ့။ သင်တန်းလည်း အခုချိန်ထိ မတက်ဖူး သေးဘူးပေါ့”

အထီးကျန်ဆန်ခဲ့တဲ့ စစ်အစိုးရ လက်ထက်က အရိုးစွဲလာခဲ့တဲ့ ရှေးရိုးစွဲ သဘောထားသူတွေကြောင့် လူငယ်တွေ အတွက် ချိန်းဆို တွေ့ဆုံစရာ နေရာ၊ ပျော်စရာ နေရာတွေ အတော် ရှားပါးခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့၊ သီချင်းဆိုဖို့ ဆိုရင် အများပြည်သူ ပန်းခြံတွေဟာ လူကြိုက်အများဆုံး နေရာတွေပါပဲ။ 

“ဒီမှာကျတော့ ကမ်းနားလမ်း (ပန်းခြံ) အဲလိုမျိုးဆို သူငယ်ချင်းတွေ အဖွဲ့နဲ့အဖွဲ့ အဲလိုမျိုးတွေ ဂီတာယူပြီးမှ အဲလိုမျိုး တီးရတာ” 

“ပြီးရင် ညနေပိုင်းကျတော့ ကိုးနာရီဆို ပိတ်ပြီလေ။ ကျွန်တော်တို့ ဘားတွေ တီးရတာ အဲလိုမျိုးတွေတော့ မရှိဘူး” 

နော်ရိန့်ဟာ သီချင်းအခွေ တစ်နေ့တော့ ထုတ်မယ် လို့ ဆုံးဖြတ်ချက် ချထားတယ် လို့ဆိုပါတယ်။

နိုင်ငံတကာ အဆိုတော်တွေထဲမှာ ဂျစ်စတင်ဘီဘာကို သဘောကျပေမယ့် ကိုယ်တိုင်တေးရေး၊ ဂီတတူရိယာတွေကို မသုံးတာကို သူက သိပ်ပြီး သဘောမကျလှ ပါဘူး။ သူ အားအကျဆုံးကတော့ မြန်မာနိုင်ငံက အိုင်းရင်းခရော့စ် အဖွဲ့ထဲက အဆိုတော်ကို ပါပဲ။ 

“ကိုလေးဖြူကိုတော့ အားကျတယ်။ မြန်မာမှာဆိုရင်တော့” လို့ဆိုပါတယ်။ ဒါပေမယ့် သူ့မှာတော့ သံသယတွေ အပြည့်နဲ့ပါ။ 

“စိတ်ထဲမှာကတော့ အဲလိုမျိုးလည်း ဖြစ်ချင်တယ်။ ဒါပေမယ့် သေချာ ပြန်စဉ်းစားလိုက်ပြီ ဆိုတော့ ဖြစ်နိုင်မှာမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို ပြန်နှိမ်ချတယ်လေ နော်။ အဲဒါကို ပြန်တင်လိုက်၊ ပြန်နှိမ့်လိုက် ပြန်တင်လိုက် အဲလိုမျိုးလုပ်တာ သံသရာလည်တာ ပိုများတာပေါ့” 

သီချင်းခွေ ထုတ်ချင်ပေမယ့် အရင်းအနှီးနဲ့ အသိမိတ်ဆွေတွေ မရှိတဲ့ အတွက်ကြောင့် သူ့အခွင့်အလမ်းတွေ မရှိမှာ သူစိုးရွံ့နေပါတယ်။ နာမည်ကြီးဖို့ ဆိုရင် အရင်းအနှီး ရှိရမယ် လို့ သူက ပြောပါတယ်။ 

မြန်မာနိုင်ငံက အဆိုတော် အများအပြားဟာ နှစ်ပေါင်းများစွာ “ကော်ပီ” သီချင်းတွေ ဆိုပြီး နာမည် ကြီးခဲ့သူတွေပါ။ မိုက်ကယ်ဂျက်ဆင်က အစ ဂျွန်ဒဲဗားအဆုံး “ကော်ပီ” မလုပ်ဖူးတဲ့ သီချင်း မရှိသလောက်ပါပဲ။ နိုင်ငံပွင့်လင်းလာပြီး နောက်မှာတော့ မူပိုင်ခွင့်တွေကိုလည်း ပိုနားလည်လာပြီး ကိုယ်ပိုင်သံစဉ်တွေကို ထုတ်ဖို့ ကြိုးစားလာကြပါတယ်။ ခိုးထုတ်မှုတွေ များပြားပြီး ဖြန့်ချိရေး မနိုင်တဲ့ အတွက်ကြောင့် သီချင်းချည်းသက်သက် ဆိုပြီး ရပ်တည်နိုင်တဲ့ ဘဝဟာ အနုပညာရှင် အတော်များများအတွက် အလှမ်းဝေး ပါသေးတယ်။ 

“Album တစ်ခု ထွက်မယ်ဆို ဘာညာဆိုလဲ။ အခုခေတ်က အသံကောင်း ဘာညာ အဲလိုမျိုးလည်း အဓိက မဟုတ်တော့ဘူး လေ။ စီဒီတစ်ခု ထုတ်ဖို့ဆို အရင်းအနှီးရှိ ပြီးရင် ပို့စ်စတာတွေ လိုက်ကပ်လိုက်ကပ်။ နည်းနည်းတော့ ကြာတာပေါ့နော်။ သူ့ဘာသာသူ နယ်ပယ် ဆန့်တော့ ဆန့်သွားမှာပေါ့။ အဆိုတော် အသိုင်းအဝိုင်း ဘာညာ မိတ်ဖွဲ့ ရသွားတာပေါ့ အဲလိုမျိုး” 

“လုပ်နိုင်မယ် လို့တော့ ထင်တယ် ပေါ့။ ဒါပေမယ့် အဲလို လုပ်နိုင်မယ်လို့ ထင်တာထက် ပံ့ပိုးမှုက ပိုလိုတယ်လို့ ထင်ပါတယ်။ ပံ့ပိုးမှု သူများတွေလို (ကျွန်တော့မှာ) မရှိဘူးလေ နော်။ ငွေရေးကြေးရေးလည်း အဲဒီလောက်ထိ မရှိဘူး ဆိုတော့ တစ်ခုခုလုပ်မယ် စိတ်ကူးလိုက်တိုင်း အဲဒီနေရာမှာ သွားထောက်တယ် ပေါ့။ အဲလိုမျိုး ဖြစ်နေတယ်” လို့ နော်ရိန့်က ပြောပေမယ့် သူ့ရဲ့ မျှော်လင့်စိတ်ကို ဆုပ်ကိုင်ထားဆဲပါပဲ။ 

“ကျွန်တော် (သီချင်းအခွေ) ထုတ်မယ် လို့တော့ ဆုံးဖြတ်ချက် ချထားတယ်။ ယုံလည်း ယုံကြည်ထားတယ် ပေါ့။ ရက်အကန့်အသတ်တော့ မသိသေးဘူး ပေါ့” 

 

(ဇန်နဝါရီ ၂၀၁၇ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)