"“အမေစု”ကို ယုံတယ်”

"“အမေစု”ကို ယုံတယ်”

မဟာချိုင်၊ ထိုင်းနိုင်ငံ

အသက် ၃၇ နှစ်ရှိပြီ ဖြစ်တဲ့ မမိုးစက်အေးဟာ ဘဝအခြေအနေ တိုးတက်ဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် ကတည်းက ထားဝယ်ကနေ ထွက်လာပြီး ထိုင်းနိုင်ငံမှာ အလုပ် လာလုပ်သူပါ။ 

ထိုင်းနိုင်ငံရဲ့ ထုတ်ကုန် ဦးစားပေးတဲ့ စီးပွားရေး အတွက် အရေးပါတဲ့ လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ အထည်အလိပ်နဲ့ ခရီးသွား လုပ်ငန်းတွေရဲ့ ကြောရိုးဖြစ်ပြီး ပင်ပန်းတဲ့ အလုပ်တွေကို နေ့ညမနား လုပ်ကြတဲ့ သန်းချီနေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေထဲက တစ်ဦးပါ။  

သူတို့ရဲ့ လုပ်အားတွေ ဘယ်လောက် အရေးကြီးသလဲ ဆိုတာကို ရေးသားထားတဲ့ စာတမ်းတွေ အများကြီး ရှိသလို မရိုးသားတဲ့ ထိုင်းအလုပ်ရှင်နဲ့ အာဏာပိုင် တချို့တွေရဲ့ ခေါင်းပုံဖြတ် နှိပ်စက်ညှဉ်းပန်းတာကို ခံရတဲ့ မြန်မာ လုပ်သားတွေ အကြောင်းလည်း မှတ်တမ်းတင်ထားတာတွေ အများကြီး ပါ။ 

အရင် မြန်မာအစိုးရကရော၊ လက်ရှိအစိုးရကရော မြန်မာလုပ်သားတွေကို ပြန်လာဖို့ အားပေးကြောင်းကို လူသိရှင်ကြား ပြောခဲ့သလို သူတို့တွေ ပြန်ရင် ဒီလုပ်ငန်းတွေ ဘယ်လို ဆက်ပြီး ရှင်သန်မလဲလို့ တွေးပြီး ပူပန်တဲ့ အလုပ်ရှင်တွေလည်း ရှိပါတယ်။ 

မမိုးစက်အေးကတော့ သူ့ရဲ့ သပ်ရပ်ပြီး အခန်းတစ်ခန်းသာ ပါတဲ့ တိုက်ခန်းကလေးကို အခြားအလုပ်သမား ၂ ဦးနဲ့ အတူတူ မဟာချိုင်က ၅ ထပ်တိုက်ကြီး တစ်ခုမှာ ရာနဲ့ ချီတဲ့ မြန်မာနိင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းက ရွှေ့ပြောင်း လုပ်သားတွေနဲ့ နေပါတယ်။ စက်မှုဇုန်တွေများတဲ့ မဟာချိုင်ဟာ ဘန်ကောက်မြို့ အနောက်တောင်ဘက်မှာ ရှိပြီး မြန်မာ ရွှေ့ပြောင်းလုပ်သား အများအပြား ရှိပါတယ်။ 

ရာနဲ့ ချီတဲ့ မြန်မာနိင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းက ရွှေ့ပြောင်း လုပ်သားတွေနေတဲ့ မဟာချိုင်ကတိုက်ကြီး

“ကျွန်တော် မဟာချိုင် ကိုရောက်တာ အခုဆို ၁၅နှစ် ရှိပြီ။ မိဘတွေဆီက ပိုက်ဆံလက်ဖြန့်မတောင်းချင်လို့၊ ကိုယ့်ခြေထောက် ပေါ်ကိုယ် ရပ်တည်ချင်လို့ အိမ်ကနေထွက်လာတာ

“ကျွန်တော့ မိဘတွေက မချမ်းသာဘူး။ လယ်သမားတွေ။ ကျွန်တော့်အစ်မတွေက အိမ်မှာရိုးရာမုံ့တွေလုပ်ပြီး ပွဲတွေမှာ ရောင်းတယ်

“ဒီကိုရောက်ရောက်ခြင်း စက်ရုံတစ်ခုမှာ ငါးတွေဆေးရတဲ့ အလုပ် ဝင်လုပ်ရတယ်။ တနေ့တနေ့ ကိုယ့်ကိုယ်ကို ၁၀ ခါလောက် ရေချိုးရင်တောင် ငါးညှီနံ့က မပျောက်ဘူး။ အိမ်အထိပါလာပြီး တကိုယ်လုံး အနံ့တွေ စွဲနေရော။ အဲဒါနဲ့ ကျွန်တော် အထည်ချုပ်စက်ရုံတစ်ခုကိုပြောင်းလိုက်တယ်။ အခုဆို အဲဒီမှာ လုပ်တာနှစ်အတော်ကြာပြီ

“ကျွန်တော့ ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) က နောက်နှစ်ဆို သက်တမ်းကုန်တော့မယ်။ အဲဒီအချိန်ကြရင်တော့ အိမ်ကို ခဏပြန်ဦးမယ်လို့ မျှော်မှန်းထားတယ်" 

တန်ဖိုးအထားဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံ လို့ မမိုးစက်အေးက ဆိုပါတယ်

“ကျွန်တော့မှာ ရှိတဲ့ ပစ္စည်းတွေထဲက တန်ဖိုးအထားဆုံးကတော့ အမေစု ဒီကိုလာတုန်းက သူများရိုက်ထားတဲ့ ဓာတ်ပုံပါပဲ” လို့ သမန်တလင်းပေါ်မှာ ခြေထောက်ခွေထိုင်ရင်း ပြောပါတယ်။ 

“သူ မဟာချိုင်ကို လာတဲ့နေ့ ကျွန်တော် မှတ်မိတယ်။ လာမယ် ဆိုတဲ့ သတင်းကို ကြားပေမယ့် နေ့ရက် အတိအကျ မသိခဲ့ဘူး။ အဲဒါနဲ့ သူ ဒီမှာ ရောက်နေတယ် ဆိုတာလည်း ကြားရော စက်ရုံမှာ လုပ်နေတာတွေကို အကုန်ပစ်ထားခဲ့ပြီး ဆိုင်ကယ်တစီးငှားပြီး လိုက်ရှာတာ"

“တစ်နေရာကို ရောက်တော့ “အမေစု ထွက်သွားပြီ” တဲ့။ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးရုံးရဲ့ လမ်းထိပ်လည်း ရောက်ရော ဆက်သွားလို့ မရတော့ဘူး။ လူအုပ်ကြီးက များလွန်းလို့"

သူ့ အသံနဲ့ လူအုပ်ကြီးက အော်နေတဲ့ “အမေစု၊ အမေစု” ဆိုတဲ့ အသံကိုပဲ ကြားနေရတယ်။ ကျွန်တော် ကြက်သီးတွေတောင် ထတယ်"

“အမေစု အဲဒီနေ့က ပြောသွားတာကို ကျွန်တော် မှတ်မှတ်ရရ ရှိနေတယ်။ “လိမ်လိမ်မာမာနေကြ၊ ၃ နှစ်နေရင် ပြန်လာပြီး အိမ်ပြန်ဖို့ လာခေါ်မယ်” တဲ့"

“ကျွန်တော့ အတွေ့အကြုံ အရဆိုရင် လူတွေအပေါ်ယုံကြည်ဖို့ခက်တယ်။ ဒါပေမယ့် “အမေစု" ကိုတော့ ကျွန်တော်ယုံတယ်။ ။"

 

(၂၀၁၅ အောက်တိုဘာ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း။)