ကျွန်မတို့ ကယားပြည်နယ်ကို သွားခဲ့တုန်းက အစားအစာ မျိုးစုံကို နှစ်သက်စွာ စားသောက်ခွင့် ရခဲ့ပါတယ်။ ခေါင်ရည် တစ်ခွက်သောက်လိုက်၊ ဟင်းတစ်ဇွန်း စားလိုက်နဲ့ စားလိုက်သောက်လိုက်ကြတာ ကြွတ်ရွနေတဲ့ ဖားကြော်လေးတွေက အစ၊ ခရုတွေပါတဲ့ စွပ်ပြုတ်တွေ အလယ်၊ သည်းခြေအိတ်က အရည်ပါပြီး ရှာလည်သွားစေတဲ့ ငရုတ်သီးစိမ်း အချဉ် အဆုံး ပေါ့။ ဘယ်လောက်စားစား မရိုးနိုင်တဲ့ စားသောက်ဖွယ် တစ်ခုကတော့ ကယားဟင်းထုပ် ပါပဲ။ လွိုင်ကော်မြို့က စားနေကျ ဆိုင်မှာ သူတို့ ဟင်းထုပ် လုပ်နေတာကို ခွင့်တောင်းပြီး ရိုက်ခဲ့တာပါ။
ရှင်းလင်းနေတဲ့ ကွန်ကရစ် နံရံနဲ့ ကြမ်းပြင်တွေကြောင့်မို့ ဆိုင်က ဆောက်လို့ မပြီးသေးတဲ့ ပုံစံဖြစ်နေပေမယ့် ဦးထွန်းရ မင်္ဂလာ ဟင်းထုပ်ဟာ လွိုင်ကော်မြို့က အထင်ကရ ဆိုင်တစ်ဆိုင်ပါ။ ကြက်သွန်မိတ် အနံ့လေးတွေ သင်းနေတဲ့ ဟင်းထုပ် ရောင်းနေတာ အခုဆို ၁၅ တောင် ရှိပါပြီ။
အခန်းရဲ့ နောက်ဘက်မှာ အမျိုးသမီးငယ် တချို့ဟာ လူတွေရဲ့ စကားပြော ရယ်မောတဲ့ အသံတွေ၊ ဇွန်းတွေ ခရင်းတွေ အသံတွေကို မမှုဘဲ ဟင်းထုပ်တွေကို ထုပ်နေတာ ငေးကြည့်လို့ ကောင်းလိုက်တာ။ လုပ်နေကျ လက်ကလေးတွေဟာ လျှပ်စီးလက်သလိုပဲ အလွန် မြန်ပါတယ်။ ရောထားတဲ့ ဟင်းထုပ်ကို ဇွန်းနဲ့ ခပ်၊ စိမ်းစိုနေတဲ့ ငှက်ပျောရွက်ပေါ်တင်၊ သပ်ရပ်တဲ့ အထုပ်ကလေးကိုထုပ်နဲ့ အလုပ်နဲ့ လက်နဲ့ မပြတ်ကြဘူး။
ဒီ ဟင်းထုတ်တွေကို နောက်ဖေးက မီးဖိုကြီးထဲမှာ ပေါင်းပြီးတော့ မနက်စောစောနဲ့ နေ့လည်ပိုင်းတွေမှာ ဆိုင်ကို ပြည့်လျှံအောင်လာအားပေးတဲ့ စားသုံးသူတွေဆီရှေ့ ရောက်လာပါတော့တယ်။ ကောင်တာမှာ ဆိုရင် ပါဆယ်မှာတဲ့ လူတွေနဲ့ အပြည့်ပါပဲ။ ကားတွေပေါ်မှာ အိတ်အပြည့်နဲ့ ဆွဲသွားကြတဲ့သူတွေ အများကြီး။
ဒါတွေ အားလုံးကို ကြပ်မတ် ပေးနေသူကတော့ အသက် ၅၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်ငွေခင် ပါ။
“(ဟင်းထုပ်) က နေ့တိုင်းစားတဲ့ မိရိုးဖလာ အစားအစာပေါ့နော်။ ဟင်းထုပ်က တစ်မျိုးပဲ ရှိတယ်။ ဆန်မှုန့်နဲ့ ကြက်သွန်မိတ်နဲ့ လုပ်ထားတာ။ မနက်စာ အနေနဲ့ စားကြတယ် − မနက် ၁၀ နာရီခွဲ၊ ၁၁ နာရီလောက် ပေါ့။ ပြီးတော့ ၂ နာရီ နောက်ပိုင်းဆို ပြန်စားကြတယ်။ အဆာပြေ သရေစာအနေနဲ့ ပေါ့” လို့ လက်က ဇယ်ဆက်သလို လုပ်ကိုင်နေရင်း ပြုံးပြီးပြောပါတယ်။ ငှက်ပျောရွက်ပေါ်က ဟင်းထုပ်ပေါ်ကို ဝက်သားဖတ်လေးတင်၊ အားလုံးကို အထုပ်လေးလို သပ်သပ်ရပ်ရပ်လေး လုပ်၊ ပြီးတော့ အထုပ်ကို သွားခြားထိုးတံနဲ့ ထိုးပြီးပိတ်လိုက်ပါတယ်။
“တစ်ရက်ကို ဆန် အပြည် ၂၀၊ ၂၂ ပြည် ကုန်တယ်။ လုပ်သမျှ အကုန်ရောင်းရတယ်။ ဆိုင်မှာက ဟင်းထုပ်၊ ကယားဝက်အူချောင်းရယ်၊ ဝက်သားလုံးရယ် ၃ မျိုး လုပ်တယ်”
“ငယ်ငယ်တုန်းကတော့ အိမ်မှာပဲ လုပ်ကြတယ်။ အခု နောက်ပိုင်းကsတော့ ဆိုင်မှာပဲ လာစားကြတော့တယ်။ အလုပ်များလို့ မလုပ်ကြတော့တာ ဖြစ်မယ်”
“လက်လည်း အရမ်းဝင်တယ်လေ။ ဆန်ကို ရေစိမ်၊ ပြီးမှ ဆန်မှုန့်ကြိတ်။ အဲဒီကနေ ဆန်တစ်ခါ ပြန်လှော်။ လှော်ပြီးပြီ ဆိုမှ အကုန်လုံး စပ်ရတာ။ အရမ်း လက်ဝင်တယ်”
“ဆန်ကိုစပ်၊ မွှေ၊ ပြီးရင် နာရီဝက်ကြာ ပေါင်းရတယ်။ လင်ဗန်းတစ်ခုထဲမှာ ၁၀ဝ လောက် ပါတယ်။ တစ်ခါပေါင်းပြီဆို ၅ ဗန်း ပေါင်းတယ်”
“လာစားတဲ့သူတွေ သဘောကျရင် အရမ်း ဝမ်းသာတယ်။ ပျော်လည်းပျော်တယ်။ အရသာ ရှိလို့ ကြိုက်ကြတာ ဖြစ်မှာပေါ့ နော်။ အဒေါ်ကိုယ်တိုင်လည်း ဆိမ့်ဆိမ့်လေးနဲ့ စားရတာကို ကြိုက်တယ်”
(မေ ၂၀၁၆ တွင် မေးမြန်းခဲ့ပါသည်။)