ဒီကရင်လူမျိုးကျောင်းဆရာမဟာ သူမရွာရဲ့ စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပထမဆုံးပါဝင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ အတိတ်က အကြမ်းဖက်မှုတွေကို အခုချိန်အထိ မှတ်မိကြောက်ရွံ့ပြီး အာဏာရှင်စနစ် အောက်မှာ ဆက်မနေဖို့ ဆုံးဖြတ်ခဲ့သူပါ။
ကျွန်မ မလုပ်ရင် ကျွန်မရဲ့ မျိုးဆက်တွေအတွက်သော်လည်းကောင်း ကျောင်းသူသားများအတွက်သော်လည်းကောင်း ကျောင်းဆရာမတစ်ယောက်အနေနဲ့သော်လည်းကောင်း တာဝန်မကျေဘူးလို့ ခံစားရတယ်။ ဒါကြောင့် ဒီ CDM ကို ကျွန်မတစ်ယောက်ထဲ စတင်လုပ်တယ်။ ပြီးတော့ ကျန်တဲ့ ကျောင်းကဆရာမတွေအားလုံးလည်း စည်းရုံးစရာမလိုဘဲ ကျွန်မနဲ့အတူ ပူးပေါင်း ပါဝင်လာတာကိုတွေ့ရတယ်။ အစပိုင်းမှာတော့ တစ်ချို့မှာ စိုးရိမ်မှုများစွာရှိတယ်။ လစာ မရတော့မှာ၊ အလုပ်ပြုတ်မှာ စိုးရိမ်တဲ့အတွက် မလုပ်ဖြစ်ကြဘူး။ နောက်ပိုင်းမှာ သူတို့ နားလည်သဘောပေါက်လာတဲ့အတွက် ပါဝင် ပူးပေါင်းလာခဲ့ကြတယ်။
ကျေးရွာက ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြောဆိုပြီး ရွာမှာရှိတဲ့ ကျေးရွာသူ၊သားတွေနဲ့ အတူတကွ နီးစပ်ရာ မြို့ငယ်လေးဆီကို သွားပြီး တိုင်းရင်းသားဝတ်စုံနဲ့ အလံတို့နဲ့ ပုံဖော်ပါဝင်ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပါတယ်။
ဒီ CDM မှာ ပါဝင်ရခြင်းဟ ပြည်ခိုင်ဖြိုးသော်လည်းကောင်း NLD သော်လည်းကောင်း ထောက်ခံခဲ့တာမျိုးမဟုတ်ဘူး။ ဒီစစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းလိုက်တာ ကြားတော့ လုံးဝစိတ်မ ကောင်းဘူး။ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်တာလုံးဝ မလိုလားဘူး။ ဘာဖြစ်လို့လဲဆိုတော့ တနင်္သာရီတိုင်းမှာရှိတဲ့ ကရင်ပြည်သူတွေက မြန်မာစစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှုတွေအားလုံးကို တွေ့ကြုံလာခဲ့ရပြီးပြီ။ အဲကြောင့် ခုလိုဖြစ်သွားရတဲ့အပေါ် လက်ခံလို့မရဘူး။ လက်မခံတဲ့အတွက် ရှေ့ကနေ ရပ်တည်မှရမယ်။
ရွာသားတွေကတော့ စားနပ်ရိက္ခာအတွက်စိုးရိမ်မှုတွေရှိတယ်။ အဲကြောင့် သူတို့ စားစရာတွေ ပြတ်လတ်မှု မရှိအောင် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ကြပါတယ်။ ကျေးရွာတွေမှာ လုံခြုံရေးပိုင်းဆိုင်ရာ စောင့်ကြည့် မှုတွေရှိပြီး သတိရှိအနေအထားနဲ့ နေထိုင် ကြတယ်။ အမျိုးသမီးလုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ရတယ်။ အရင်တည်းကလည်း တွေ့ကြုံမှုတွေရှိတယ်။ စစ်တပ်က အဲဒါကို လက်နက်သဖွယ် အသုံးပြုတယ်။ အဲကြောင့် အမျိုးသမီးတွေကလည်း ဒီစစ်အာဏာရှင်ကျဆုံးဖို့အတွက် မိမိတို့တတ်နိုင်တဲ့နည်းလမ်းကနေပြီးတော့ ပါဝင်လုပ်ဆောင်မှုတွေရှိတယ်။ ဒီစစ်အာဏာရှင်ကြောင့် ကျွန်ပ်တို့အမျိုးသမီးတွေကဘဝ လုံခြုံမှုမရှိတော့ဘူး အဲကြောင့် အချင်းချင်း ဂရုစိုက်မှု တွေပြုလုပ်ရမယ်။ အချင်းချင်း လုံခြုံမှုတွေ ပေးရမှာဖြစ်တယ်။
ဆန္ဒပြမှုတွေ၊ CDM မှာ ပါဝင်ပြီးနောက်ပိုင်းမှာ အိမ်မှာ မအိတ်တော့ဘူး။ သတင်းအချက်အလက်တွေ လိုက်ကြည့် လေ့လာရတယ် ချိတ်ဆက်မှုတွေလုပ်ရတယ်။
ကျွန်မတို့ရွာသူသားတွေက ဟိုးအရင်ကတည်းက ကြောက်ရွံ့မှုတွေ လွမ်းမိုးနေတယ်။ စစ်တပ်ကား တက်လာပြီလို့ကြားရင် ထွက်ပြေးချင်တယ်။ လုံခြုံမှုမရှိဘူးလို့ခံစားရတယ်။ အခုစစ်အာဏာသိမ်းပြီး နောက်ပိုင်း မှာလည်း စစ်ကားတက်လာတာကြားပြီး ကျွန်မကြည့်လိုက်တော့ ရွာသားတွေက အထုတ်တွေ ဆွဲပြီးတော့ ထွက်ပြေးနေကြပြီ။ ကျွန်မလည်း ကိုယ့်ရဲ့အထုတ်ကလေးနဲ့ ဖုန်းကို ကိုင်ပြီး တိမ်းရှောင် နေလိုက်တယ်။ နောက်တော့ စစ်ကားက ကျွန်မတို့ ကျေးရွာကိုလာတာမဟုတ်တဲ့အတွက် ရွာသားတွေ ပြန်လာနေကြတယ်။ ဒါ့အပြင် ကောလောဟလဖြစ်တဲ့ ပေါ်တာဆွဲတဲ့သတင်းကြောင့် ရွာသားတွေ အိမ်မှာ မအိပ်ရဲဘဲ ထွက်ပြေးကြတယ်။
ဥပမာ - ရွာက ဦးလေးတစ်ယောက်ဆိုလျှင် သူက ချက်ချင်းမထွက်ပြေးဘူး သူ့မှာရှိတဲ့ ကရင်အကျီတွေအားလုံး မီးအရင်ရှို့လိုက်တယ်။ အရင်ကဖြစ်ပျက် ခဲ့တဲ့အရာတွေက သူတို့မေ့ပျောက်လို့မရဘဲ ယခုချိန်ထိ ကြောက်ရွံ့မှုတွေရှိနေတာကို တွေ့ရတယ်။
ဒီအခြေအနေဟာ ကျွန်မတို့တိုင်းရင်းသားတွေအချင်းချင်းသော်လည်းကောင်း ပြည်မနေလူထုများနှင့် သော်လည်းကောင်း လက်တွဲလုပ်ဆောင်ဖို့ အချိန်ကြပြီဖြစ်တယ်။ အခုချိန်မှာသာ မလုပ်လျင် ဘယ်သောအခါမျှ ဖြစ်လာမှာ မဟုတ်တော့ဘူး။ အခုလိုအခြေအနေမှာ ကျွန်မတို့ရွာမှာ ကိုယ့်နီးစပ်ရာမြို့ငယ်လေးတွေမှာ သွားရောက်ပြီး ပူးပေါင်းပါဝင်ခြင်းကြောင့် ဘုံရန်သူကို တိုက်ခိုက်ရာမှာ ပိုမိုပြီး အင်အားဖြစ်စေပြီး စည်းလုံးမှုကိုလည်း ဖြစ်ပေါ်စေတယ်။
အခုဖြစ်နေတဲ့အခြေအနေပေါ်မှာ ကျွန်ပ်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ဒီအခြေအနေသုံးသပ်ပြီး အသုံးပြုမယ်ဆိုလျှင် ကွှန်ပ်တို့တိုင်းရင်းသားများ နှစ်ပေါင်းများစွာ တောာင်းဆိုလာခဲ့တဲ့အရာများကို ပြန်လည် ရရှိနိုင်ပါတယ်။
အခြေအနေက ပိုဆိုးလာမယ်ဆိုလျှင် စားနပ်ရိက္ခပြတ်တောက်မှုရှိလာမှာကို စိတ်ပူတယ်။ ကလေးသူငယ် အတွက်ရော၊ အမျိုးသမီးများအတွက်ရော၊ အမျိုးသားများအတွက်ရော အကုန်လုံးစိုးရိမ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ကျော်ဖြတ်လာခဲ့ရပြီးဖြစ်တယ်။ ရွာမှာ နေတဲ့သူတွေက ငြိမ်းချမ်းမှုကိုတော့အလိုချင်ဆုံးပါဘဲ။
အခုလက်ရှိအခြေအနေမှာ ကျွန်မတို့ကျေးရွာဒေသတွေရဲ့ရပ်တည်ချက်က စစ်ကောင်စီမှ ကျေးရွာအုပ်ချုပ်ရေးမှုးအသစ်တွေခန့်အပ်မှုတွေလုပ်တယ်။ အဲဒါကို ရွာသား အားလုံးဆန္ဒ လူထုသဘောထားဆန္ဒ မပါတဲ့ စစ်ကောင်စီတည်ဆောက်တဲ့ အုပ်ချုပ်ရေး ယန္တားယားများကို လုံးဝလက်မခံလို့ သဘောထားရှိကြတယ်။ ကျောင်းသားမိဘတွေက သားသာမီးများနှင့် မျိုးဆက် သစ်များကို ကျွန်ပညာရေး စနစ်အောက် မနစ်မွန်းဖို့ရယ် ကောင်းမွန်တဲ့ အနာဂတ်ပျောက် ကွယ်သွားမှာရယ် စိုးရိမ်ကြပြီး ပြည်သူ့အစိုးရ မပေါ်ပေါက်လာသေးသ၍ သားသမီးများကို စာသင်ကျောင်းကို မစေလွှတ်ဘူးလို့ သဘောထားရှိကြတယ်။
ကျောင်းဆရာမတစ်ယောက်အနေနဲ့ ကျေးရွာစနဲ့ပတ်သက်တဲ့ကိစ္စအဝဝကို လုပ်ပြီး အမြဲတမ်းလည်း အဆင်သင့်ရှိတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းမှာ အတတ်နိုင်ဆုံးပါဝင်လုပ် ဆောင်တယ်။ ဘာသာရေးပိုင်းဆိုင်ရာမှာလည်း အသင်းတော်လုပ်ငန်းပိုင်းမှာ ပါဝင်တယ်။ အသိပညာပေးခြင်းသော်လည်းကောင်း ခွန်အားပေးခြင်းသော်လည်းကောင်း လုပ်ပြီး အစိုးရရဲ့ ဥပဒေပိုင်းဆိုင်ရာရေးဆွဲရာမှာ ဒေသအခြေအနေနဲ့ ကိုက်ညီမှုရှိအောင် စည်းရုံးလှုပ်ဆော်ပြောဆိုခြင်းမျိုးလည်းလုပ်တယ်။
နောက်လာမည့် နှစ်တွေမှာ ပညာရေးဘက်မှာသော်လည်းကောင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်လာအောင်ကြိုးစားလုပ်ဆောင်မယ်လို့စဉ်းစားထားတယ်။ ဒီအနီးအနားကျေးရွာတွေမှာ ဆီအုန်းစိုက်ခင်းစီမံကိန်းကြောင့် မြေယာနှင့် သဘဝသယံဇာတ ပျက်စီးဆုံးရှုံးမှုများရှိတယ်။ ကျောင်းဆရာမ တစ်ယောက်အနေနဲ့ အခုလိုထိခိုက်နစ်နစ်သူတွေဟာ ကျွန်မရဲ့ တပည့်တွေ၊ သူတို့သားသမီးများသည်လည်း ကျွန်မ စာသင်ပေးခဲ့ရသူတွေဆိုတော့ ကျွန်မလျစ်လျှူမရှနိုင်ဘူး။
သို့သော် စစ်အာဏာသိမ်းလိုက်တယ်လို့ကြားလိုက်တော့ ကိုယ့်ကျေးရွာအတွက် စဉ်းစားထားတဲ့အရာ များအားလုံး ပျောက်ကွယ်သွားတယ်။ အဲတော့ စိတ်ထဲမှာပေါ်လာတဲ့အရာက အဲဒီအရာကိုပြန်တိုက် ယူရမယ် ပြီးတော့ တစ်နိုင်ငံလုံး ဒီမိုကရေစီပြန်ရဖို့ပြန်တိုက်ယူရမယ်ဆိုတာဘဲ စိတ်ထဲမှာရှိနေတယ်။ ပြီးတော့ ဖက်ဒရယ်ကိုတည်ဆောက်နိုင်ဖို့ဘဲရှိတယ်။
ဒီ CDM သာလွဲချော်မှုရှိခဲ့မယ်ဆိုလျှင် ဒီကျောင်းအလုပ်ကိုလည်း မလုပ်တော့ဘူးလို့ စဉ်းစားထားတယ်။ အခုဆိုလည်း ပင်စင်ယူခါနီးနေပါပြီ။ လျှောက်မယ်ဆိုရင်လည်း သူတို့ ပေးမလားမပေးဘူးလား ဆိုတာမသိဘူး။ အဲကြောင့် ကျွန်မ မကြောက်ဘူး ဆက်လုပ်မယ်။ ဘုရားက ကျွန်မကိုတော့ အငတ်မထားဘူးဆိုတာယုံကြည်တယ်။ ဒီစစ်အာဏာသာဆက်တည်မြဲမည်ဆိုလျင် ကျန်ပ်တို့အားလုံးကို ဖိနှိပ်မယ်ဆိုတာတော့ သိနေတယ်။
ပညာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ စစ်အာဏာရှင် စနစ်လက်အောက်မှာ ကျွန်မခံချင်ဘူး။ စစ်အာဏာရှင် စနစ်သက်ဆိုးရှည်စေမဲ့ ဘယ်အုပ်ချုပ်ရေးယန္တရားမှာမ လုံးဝမပူးပေါင်းလိုဘူး။ မျိုးဆက် သစ်တွေကို ကျွန်ပညာရေးစနစ်* အမွေမပေးခဲ့ချင်ဘူး ဆိုတဲ့သဘောထားဆန္ဒရှိတယ်။
* ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုခေတ်က ပညာရေးစနစ်ကို ဒီလိုခေါ်တွင်ခဲ့တာပါ။ မြန်မာနိုင်ငံသားတွေကို သခင်တွေကိုဖြစ်အောင်မသင်ကြားဘဲ၊ ကျွန်ဖြစ်အောင်သွန်သင်ပေးခဲ့တယ်ဆိုတဲ့ခံစားချက်အရ သုံးနှုံးခဲ့တာပါ။
မြေယာနဲ့သစ်တောများကာကွယ်စောင့်ရှောက်ပိုင်ခွင့်ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိတိုင်းရင်းသားလူမျိုးစုများနဲ့အလုပ်လုပ်တဲ့ Esther Wah မှ ၂၀၂၁ မတ်လမှာ တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ပန်းချီ ဂရတ်ဖစ်များကို Raise Three Fingers for Democracy မှ ယူပါသည် https://www.threefingers.org/။