နာဂဘာသာစကားတစ်ခုကို ခြေရာခံသူ

နာဂဘာသာစကားတစ်ခုကို ခြေရာခံသူ

ရန်ကုန်

ကားဟွန်းသံတွေ တတီတီနဲ့ မနက်ခင်းဟာ ရန်ကုန်မြို့မှာရှိတဲ့ လူစည်ကားတဲ့ မြို့နယ်တစ်ခုရဲ့ သာမာန်မြင်ကွင်း တစ်ရပ်ပါပဲ။ အပူရှိန်ရယ်၊ ဖုန်တွေရယ်၊ လူတွေရဲ့ စိတ်မရှည်မှုတွေရယ် ပေါင်းပြီး လေထုက တဖြည်းဖြည်းနဲ့ ပိုပြီး ထူထဲလာသလိုထင်ရပါတယ်။ မြို့ရဲ့ အသံမျိုးစုံဟာ ကိုအထောင်းမကူရီရဲ့ တိုက်ခန်းလေးပေါ်မှာပျံ့နှံ့လို့နေပါတယ်။ နာဂရေးရာကောင်စီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ကိုအထောင်းကတော့ ဒါတွေကို အမှုမထားဘဲ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကား အကြောင်းတွေ အပြင် သူဂုဏ်ယူတဲ့ မွေးဇာတိမှာ ခံစားရခဲ့တဲ့ မတရားမှုတွေအကြောင်းကို စိတ်ပါလက်ပါ ပြောလို့ နေပါတယ်။

ရန်ကုန်မြို့ရဲ့ ရှုပ်ထွေးကျပ်ညပ်နေတဲ့ ရပ်ကွက်တစ်ခုမှာ အသားကျနေပြီလို့ ထင်ရပေမယ့် သူ့ရဲ့နှလုံးသားကတော့ နယ်စပ်ဒေသက တောင်တန်းတွေကြားမှာပါ။ ဝေးလံလွန်းလို့ အပြင်လူတော်ရုံတန်ရုံ မရောက်နိုင်တဲ့ နေရာတစ်ခုပါ။

နာဂတောင်တန်းတွေပေါ်မှာ တစ်ဒါဇင်နီးပါးရှိတဲ့ လူမျိုးစုတွေ နေပြီး သူတို့ကိုယ်ပိုင် ဘာသာစကားစီရှိကြပါတယ်။ မြန်မာနိုင်ငံက နာဂဒေသဟာ နှစ်ရှည်လများ အာဏာရှိခဲ့တဲ့ စစ်အစိုးရရဲ့ နယ်စပ်ဒေသက တိုင်းရင်းသားလူနည်းစုတွေကို ပြုစုပျိုးထောင်ပေးဖို့ထက် အသိအမြင် မတိုးတက်ဘဲ နိမ့်ပါးရမ်းကားတဲ့ ဒေသတွေ လို့ပဲ သဘောထားခဲ့တာကြောင့် ဆယ်စုနှစ်များစွာ ဥပေက္ခာပြုခံခဲ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေးက ဘယ်လောက်များ ဆိုးရွားသလဲ ဆိုရင် မြို့တစ်မြို့ကနေ နောက်တစ်မြို့ကို သွားဖို့ ရက်ပေါင်းများစွာ လမ်းလျှောက်ရင်လျှောက်၊ ဒါမှမဟုတ် နာဂဒေသကနေ ကားနဲ့ ထွက်ပြီး တခြားတနေရာကို ရေလမ်းကြောင်းကနေ ပြန်ဝင်ရပါတယ်။

ရောက်ရခက်လွန်းလို့ လူတော်တော်များများက နာဂဒေသ ဆိုတာဟာ အတိတ်ကလို ခေါင်းဖြတ်တဲ့ နေရာလို့ တွေးနေကြတုန်း ပါပဲ။ ဒီလိုနဲ့ စိတ်ကူးယာဉ်ဆန်ဆန်၊ wild reputation အမည်နာမ တစ်ခုကိုရခဲ့ပြီး လတ်တလော တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို မေ့လျော့နေကြတတ်ပါတယ်။

သူ့လူမျိုးတွေ အတွက် ချက်ကျ လက်ကျနဲ့ ပြောဆိုပေးနိုင်တဲ့ ကိုအထောင်းဟာ မကူရီလူမျိုးနွယ်စုရဲ့ အကြီးအကဲတွေ ကနေ ဆင်းသက်လာသူဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ပြောနိုင်တဲ့ အသံတစ်သံလည်းဖြစ်ပါတယ်။ 

လူဦးရေ ၅ သောင်းနီးပါး ရှိပြီး နယ်စပ်ရဲ့ နှစ်ဖက်စလုံးမှာ နေထိုင်တဲ့ လူမျိုးနွယ်စုပါ။ နာဂဒေသက လေရှီးမြို့နယ်မှာ မွေးဖွားကြီးပြင်းလာပြီး ဆယ်ကျော်သက်အရွယ်မှာ အိန္ဒိယဘက်ကို ကူးပြီး ကျောင်းသွားတက် ခဲ့ပါတယ်။ အဲဒီမှာတင် သူဟာ မကူရီဘာသာစကားကို မြန်မာလိုနဲ့ အင်္ဂလိပ်လိုပြန်တဲ့ ပထမဦးဆုံးသော အဘိဓာန်ကို စတင်ပြီး ရေးသားပြုစုခဲ့ပါတယ်။ သူ့ရဲ့နာမည်ကိုတောင်မှ “မကူရီ” လို့ ခံယူခဲ့ပါတယ်။

မြန်မာနိုင်ငံက နာဂဒေသဟာ ဆယ်စုနှစ်များစွာ ဥပေက္ခာပြုခံခဲ့ရပါတယ်။

“တစ်ကယ်က အလယ်မှာ နောက်နံမယ် တစ်ခုရှိသေးတယ်။ Athong Mongsügle (မြန်မာလို အနီးစပ်ဆုံးအသံထွက်ရရင် "အထောင်းမောန်ဂျုဂ်လဲ”)။ ငြိမ်းချမ်းအောင်လုပ်ဆောင်တဲ့သူ လို့ အဓိပ္ပာယ်ရပြီး အခွန်ကောက်သူလဲ ဖြစ်တယ်။ ငြိမ်းချမ်းရေး ရအောင်လုပ်ခဲ့တဲ့ အတွက် ကျွန်တော်တို့ကို အခွန်ပေးတယ်။ ကျွန်တော်တို့ ရိုးရာမှာ နံမယ်က အနည်းဆုံး ၃ လုံးရှိတယ်။ တစ်ခုက တရားဝင်နံမယ်၊ နောက်တစ်ခုက အိမ်နံမယ်၊ နောက်တစ်ခုကတော့ သူများတွေက ကိုယ့်ကို ဟာသအနေနဲ့ ခေါ်တဲ့ နံမယ်”

“(နောက်ဆုံး) နံမယ်က လူတစ်ယောက်ရဲ့ သဘောသဘာဝအပေါ် မူတည်ပြီးပေးတာ။ ပြီးတော့ ကျွန်တော်တို့ အသိုင်းအဝိုင်းမှာ “အထောင်းမကူရီ” လို့ မခေါ်ဘူး။ အထောင်းလို့ပဲ ခေါ်တယ်။ အဲဒီတော့ အထောင်းတွေ အများကြီး ရှိနိုင်တယ်။ အဲဒီတော့ ဘယ်အထောင်းလဲ။ အထောင်း Leayeipu (“လဲရစ်းပူ”) ဆိုရင် စာအများကြီး ရေးတဲ့ အထောင်း။ တကယ်ဆို ရီစရာ စာတွေ ရေးတဲ့သူကို ဆိုလိုတယ်”

ပြင်ပကလူတွေရောက်လာပြီးနောက် ခရစ်ဘာသာနဲ့ ဘာသာစကားအသစ်တွေ ပါလာပြီး နာဂလူမျိုးတွေဟာ သူတို့တွေရဲ့ ရိုးရာဒလေ့တွေကို ကြိုးပမ်းပြီးထိမ်းသိမ်းခဲ့ရပါတယ်။ နာဂတောင်တန်းတွေဟာ ၁၈၃၀ ခုနှစ် နှစ်လွန်ကာလတွေမှာ လက်ဖက်စိုက်ခင်းတွေ ရှိနေတဲ့ အိန္ဒိယနိုင်ငံ အာဆမ်ပြည်ကနေတက်လာတဲ့ ဗြိတိသျှတွေ ရောက်လာချိန်ကစပြီး တိုင်းတပါးသား လက်အောက်ကို ရောက်ခဲ့ရပါတယ်။ ကိုလိုနီအုပ်စိုးသူတွေ ဆုတ်ခွာသွားတော့ ဒီဒေသဟာ အိန္ဒိယနဲ့ မြန်မာပြည်ကြားမှာ ဆွဲလိုက်တဲ့ နယ်နိမိတ်မျဉ်းကြောင့် ပိုင်းခြားခွဲဖြတ် ခံလိုက်ရပါတယ်။ အဲဒီမှာပဲ အိန္ဒိယဘက်မှာ နာဂဒေသရယ်လို့ ဖြစ်ပေါ်လာရပြီး မြန်မာနိုင်ငံမှာ နာဂ အထူးအုပ်ချုပ်ခွင့်ရ ဒေသရယ်လို့ ဖြစ်လာရတယ်။

နာဂလူမျိုးတွေအတွက် နှစ်နိုင်ငံစလုံးမှာ ပြဿနာတွေ ရှိပေမယ့်လည်း အိန္ဒိယဘက်က နာဂဒေသဟာ တိုးတက်မှု အသင့်အတင့် ရှိပြီး နိုင်ငံရေးလှုပ်ရှားမှုတွေလည်း ရှိပါတယ်။ မြန်မာဘက်မှာတော့ စစ်အစိုးရလက်အောက်မှာ အကြာကြီးနေခဲ့ရပြီး စာတတ်မြောက်မှုနှုန်း၊ ကျောင်းပညာရေး အခွင့်လမ်းတွေဟာ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှထက် အများကြီး လျော့နည်းနေပြီး အလုပ်အကိုင်၊ ကျန်းမာရေး တို့တွေကလည်း အလွန်ကို ရှားပါးခဲ့ပါတယ်။ 

“မြန်မာပြည်မှာ ကြီးလာတဲ့ ကျွန်တော့သူငယ်ချင်းတွေနဲ့ (ကျွန်တော့အတွေ့အကြုံနဲ့) အရမ်းကွာတယ် လို့ ကျွန်တော် ထင်တယ်။ တစ်ခါတစ်လေကျရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု လိုတာထက် ပိုနေတယ် လို့တောင် ခံစားရတယ်” လို့ အိန္ဒိယနိုင်ငံက နာဂဒေသမှာ မွေးဖွားတဲ့ သူနဲ့ မြန်မာပြည်ဘက်မှာ မွေးဖွားသူတွေရဲ့ အခွင့်အရေးတွေဟာ “နိဗ္ဗာန်နဲ့ မြေကြီး” လို ကွာခြားတယ် လို့ ကိုအထောင်းက ဆိုပါတယ်။

သူငယ်ချင်းတွေက “ငါ ဒီစကားလုံးကို သုံးလိုက်လို့ ဘာဖြစ်သွားမလဲ” ဆိုတာ တွေးနေတာကို တွေ့ရတာမျိုး ရှိတယ်။ အကြောက်တရားတွေ များနေတယ်။ အဲဒါဆို ကျွန်တော်အတော် စိတ်ဆိုးတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း ကျွန်တော် ကိုယ်တိုင်ကျတော့ လွတ်လွတ်လပ်လပ် ပြောတယ်၊ ဆိုတယ်၊ ငြင်းတယ်၊ ခုံတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီလိုမျိုးက ဟိုဘက်မှာ (အိန္ဒိယဘက်မှာ) ယဉ်ကျေးမှုလို ဖြစ်နေတာကိုး”

ကိုအာသွန်းရေးသားခဲ့တဲ့ အဘိဓ္ဓာန်

ဒီသုံးဘာသာ အဘိဓ္ဓာန်ကို ကိုအထောင်းဟာ ၂၀၀၈ ခုနှစ် သူ ကျောင်းတက်စဉ် ကတည်းက စတင်ခဲ့တာပါ။ ဝေးလံခေါင်ဖျားတဲ့ ဒေသက မကူရီရွာတွေ အနှံ့လည်း သွားခဲ့ပါတယ်။ သုတေသနပြုရင်းနဲ့ သူ့ရဲ့ ယဉ်ကျေးမှုကို ပိုပြီး နားလည်လာတယ်လို့ဆိုပါတယ်။ 

“ဒီလိုလုပ်ရင်းနဲ့ ကျွန်တော့ ယဉ်ကျေးမှုကို ကျွန်တော်သိလာတယ်။ ကျွန်တော့ ယဉ်ကျေးမှုကို ကျွန်တော် ပိုပြီး သိလာတဲ့ အခါမှာ သူများကို ပိုပြီးလေးစားတတ်ဖို့ အကူအညီပေးတယ်။ ကျွန်တော်တို့ ဘာသာစကားဟာ ဆင်းရဲတယ် လို့ ကျွန်တော် ထင်ဖူးတယ်။ ဒါပေမယ့် ရှာရင်း ရှာရင်း ပိုပို တွေ့လာတယ်။ အဲဒါကြောင့် ဘာသာစကားတိုင်းဟာ လှတယ်၊ အတုမရှိဘူး လို့ မြင်လာတယ်”

“လူကြီးတွေနဲ့ တွေ့ရတာ၊ ကျွန်တော့ကို အကြံအဉာဏ် အတိအကျပေးနိုင်တဲ့ ရှေးတုန်းက ပုံပြင်တွေကို ရှင်းပြနိုင်တဲ့ သူတွေနဲ့ တွေ့ရတာ၊ အရမ်းကို ကောင်းတယ်။ (ပုံပြင်တွေကို) ဘယ်လိုပြောတယ်၊ ဘယ်လို နားလည်တယ်၊ ဘယ်လို အဓိပ္ပာယ်ကောက်တယ်”

“မကူရီလူစုက ဒီအဘိဓာန်ကို တရားဝင် ပုံစံဖြစ်စေချင်တော့ အတော်ဒုက္ခများတယ်။ စာလုံး တစ်လုံး တစ်လုံးကို ရွာတိုင်း ရွာတိုင်းက သူတို့ရဲ့ အဓိပ္ပာယ်နဲ့ အခေါ်ပါဝင်စေချင် ကြတယ်”

တစ်ချို့စကားလုံးတွေကို မြန်မာလိုနဲ့ အင်္ဂလိပ်လို ဘာသာပြန်ရတာကလည်း စိန်ခေါ်မှု အကြီးကြီးပါပဲ။

“အဓိကက ဓါးတို့ တောခုတ်ဓါးတို့ကို ပြန်ရတာ အတော်ခက်တယ်။ ဗမာစကားမှာ ဆိုရင် အသုံးအနှုန်းက ၅ လုံး၊ ၁၀ လုံးလောက် ရှိမယ်။ ခုတ်တယ်၊ ချိုင်တယ်၊ သတ်တယ်။ ဒါလောက်ပဲ။ ဒါပေမယ့် မကူရီမှာ အများကြီးပဲ ရှိတယ်။ ဥပမာ pei, tu, dzeng,  sat (ပစ်း၊ သူး၊ ဇန်း၊ စာ့)”

“အဓိက ကတော့ ဘာသာစကားကို ဘယ်လို သုံးတယ်၊ အဓိပ္ပာယ်တစ်ခုကို ပြောဖို့၊ သူတို့ ခံစားရတာတွေ၊ တွေးတောတာတွေကို ပြောဖို့ စကားလုံးတွေကို ဘယ်လိုသုံးတယ် ဆိုတာပေါ့”

“(ဒီ အဘိဓ္ဓာန်အတွက်) သုတေသန လုပ်တဲ့အခါမှာ သူများတွေကို နားလည်လာတယ်။ သူများ (ယဉ်ကျေးမှုကို) ပိုလေးစား လာတယ်။ တစ်ချိန်တည်းမှာပဲ သူများကို နားလည်ဖို့၊ အသိအမှတ်ပြုဖို့ ဆိုတာ ကိုယ်က ဘယ်သူလဲ ဘယ်ဝါလဲ လို့ အရင်သိဖို့ လိုတယ်”

မကူရီ ဘာသာစကားဟာ ၁၉၆၀ ခုနှစ်လောက် တုန်းက စတင်ပြီး ရေးသားလာတာ ဖြစ်ပေမယ့် ၁၈၀၀ ခုနှစ်တွေ တုန်းက နာဂဒေသ တစ်လျှောက် တည်ထောင်ခဲ့ဘူးတဲ့ မစ်ရှင်ကျောင်းတွေရဲ့ ကျောင်းသားတွေကလည်း စာသားအနေနဲ့ ရေးဖူးပါတယ်။

“သူတို့ အချင်းချင်း ဆက်သွယ်နိုင်အောင်လို့ သူတို့ရဲ့ မိခင်ဘာသာစကားကို စပြီးရေးလာတယ်။ အဲဒီကနေစပြီး မကူရီ ဘာသာစကား ပေါ်ပေါက်လာတာ။ အဲဒီက စတာ”

“နာဂဘာသာစကားတွေ အတွက်က ရိုမန်အက္ခရာတွေနဲ့ အရမ်း အဆင်ပြေတယ်။ ဗမာအက္ခရာနဲ့ ဆိုရင် မကူရီကို ရေးရတာ ခက်တယ်။ ကျွန်တော့နံမည် အပါအဝင်”

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာရှိတဲ့ ကလေးတွေဟာ ကျောင်းမှာ စာသင်ရင် ဗမာလိုပဲသင်ရပါတယ်။ ဒီအငြင်းပွားစရာ ပေါလစီကြောင့် တိုင်းရင်းသားကလေးတွေ စာချို့တဲ့ရတယ်လို့ တစ်ချို့ကဆိုပါတယ်။

“ကျွန်တော် စိတ်ပူတာက နာဂလူမျိုးတွေဟာ ကျောင်းစာ မလိုက်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ နားလည်တဲ့၊ တတ်တဲ့ ဘာသာစကားနဲ့ မသင်ရလို့”

“တစ်ချို့က ပြောလိမ့်မယ်။ “အဲဒါမင်းတို့ မကြိုးစားလို့၊ အဲဒါကြောင့်မို့လို့ ယှဉ်လို့မရတာ။ စနစ်တခုကို တည်ဆောက်ပြီး သွားပြီ။ ဒီလိုင်းတစ်လိုင်းကို ကျော်နိုင်ရင် မင်းတို့ရမယ်။ ဒါပေမယ့်မင်းတို့က မကျော်နိုင်လို့ အဲဒီအဆင့်ထိမရောက်နိုင်တာ” လို့။ အဲဒါကြောင့် မင်းတို့တွေ ဆရာဝန်ဖြစ်မလာတာ၊ အင်ဂျင်နီယာတွေဖြစ်မလာတာ၊ သုတေသနပြုသူတွေဖြစ်မလာတာ၊ ဘာညာပေါ့”

“လူတော်တော်များများက ကျွန်တော့လို မဟုတ်ဘူး။ ဗမာစကားပြောဖို့ အရမ်းကို ရုန်းကန်ရတဲ့ လူတွေ ရှိတယ်။ ပြီးတော့ ဗမာစကား ပြောနေပေမယ့် ဗမာယဉ်ကျေးမှုကို နားမလည်တဲ့ ကျောင်းတက်နေတဲ့ ကလေးတွေ၊ တခြားလူတွေ အများကြီး”

“ပညာရေးမှာ တော်ဖို့ဆိုတာ ပတ်ဝန်းကျင်၊ စာသင်တဲ့ ကိရိယာတွေက အစ အရေးပါတယ်။ (အခုက) သင်ရိုးညွှန်းတမ်းမှာ “ရ၊ ရထား” ဆိုပြီး ဗမာလိုသံစဉ်နဲ့သင်တယ်။ ပြောချင်တာကတော့ ရထားပေါ်မှာ ပျော်ပျော်ကြီးစီးတယ် ပေါ့။ ဒါပေမယ့် (နာဂမှာက) ရထားဆိုတာဘာလဲ သူတို့ မသိဘူး၊ မမြင်ဖူးဘူး။ အဲဒါကြောင့်မိုလို့ သူတို့တွေ ရှုံးနေတာ။ အဲဒါကြောင့်မို့လို့ တိုင်းရင်းသားတွေက စိတ်ပျက်တာ”

ကျောင်းသမိုင်းဟာလည်း လူဦးရေများတဲ့ ဗမာတွေအကြောင်းကို ပို ပြီးပါဝင်ပါတယ်။ 

“ဥပမာ ကျွန်တော်တို့ အရင်တုန်းက သင်ရတာ ဆိုရင် နာဂလူမျိုးတွေဟာ အောက်ကျို့ခံတယ်၊ ခခယယရှိတယ် ပေါ့။ ဗမာဘုရင်တွေကို အမြဲအခွန်ပေးရတာ ကျွန်တော်တို့ကိုး။ အဲဒါဟာ သမိုင်းမှား။ သူတို့တွေကပဲ ဘော့စ်တွေဖြစ်ပြီး ကျန်တဲ့ သူတွေက သူတို့ထက် နိမ့်တယ် ဆိုတဲ့ သဘောထား။ အဲဒါဟာ တိုင်းရင်းသားတွေနဲ့ ဗမာတွေကြားမှာ ရှိတဲ့ ဆက်ဆံရေးကို ဖျက်ဆီးပစ်တယ်။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကို နားလည်တာ၊ အချင်းချင်းရဲ့ ယဉ်ကျေးမှုကို လေးစားတာ တွေဟာ တစ်ဖက်နဲ့ တစ်ဖက် ဆက်ဆံရေး ကောင်းအောင် တည်ဆောက်မယ် ဆိုရင် အလွန်ကို အရေးပါ ပါတယ်”

အဘိုးနဲ့အဖေက ရွာခေါင်းဆောင်တွေဖြစ်ဖူးပြီး နာဂစနစ်ဟာ ဒီမိုကရေစီကျတဲ့အရာတွေပါဝင်တယ်လို့ဆိုပါတယ်။ 

“မတူတဲ့ အမျိုးအနွယ်စုတွေ ရှိတယ်။ ဒါပေမယ့် ရွာတစ်ရွာ၊ လူမျိုးစု တစ်စုမှာ အကြီးအကဲဖြစ်ဖို့ ဆိုတာက လူတွေက ရွေးချယ်တဲ့ အပေါ်မှာ တည်တယ်။ ခေါင်းဆောင်ပြောင်းမယ် ဆိုရင် ရွာက ကောင်စီရဲ့ ပြီးတော့ ရွာသားတွေရဲ့ ခွင့်ပြုချက် ရမှ လုပ်တယ်။ အမြဲတမ်းအဲဒီလိုပဲ” လို့ ကိုအထောင်းက သူတို့ရဲ့ စနစ်က ဒီမိုကရေစီကျကြောင်း ဆိုပါတယ်။

“နာဂတွေကို အမြဲအောက်မှာ နေစေချင်တဲ့ သူတွေက ပြောတယ်။ “ဒီလူတွေက အမြဲပဲ ကွဲပြားနေကြတာပဲ။ စည်းရုံးမှု မရှိဘူးလို့”…၊ အဲဒါ နာဂရွာတွေဟာ လွပ်လပ်တဲ့ ရွာတွေ တစ်ရွာက နောက်တစ်ရွာကို အောက်ကျို့ခံရတဲ့ ရွာတွေ မဟုတ်ဘူး ဆိုတာ သူတို့ နားမလည်လို့” 

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာရှိတဲ့ ကလေးတွေဟာ ကျောင်းမှာ စာသင်ရင် ဗမာလိုပဲသင်ရပါတယ်။ ဒီအငြင်းပွားစရာ ပေါလစီကြောင့် တိုင်းရင်းသားကလေးတွေ စာချို့တဲ့ရတယ်လို့ တစ်ချို့ကဆိုပါတယ်။

တိုင်းရင်းသားဒေသတွေမှာ စီရင်အုပ်ချုပ်သူအများအပြားဟာ လူများစု ဗမာတွေထဲကဖြစ်ပြီး မလာချင်ပဲနဲ့ လာရတာဆိုတဲ့ အမြင်ဟာ ရှိနေပါတယ်။ 

“များသောအားဖြင့် တိုင်းရင်းသားဒေသကို ရောက်လာတဲ့ အစိုးရဝန်ထမ်းဆိုတာက မလိုက်နာလို့တို့ ဘာတို့ကြောင့် ဆိုတော့ မရောက်လာခင်ပဲ (ဒီလူတွေက) မကျေမချမ်း ဖြစ်နေပြီ”

“နောက်တစ်ခုက သူတို့ ဟိုမှာ တွေ့တဲ့ ဗမာတွေက ကြောက်စရာကောင်းတယ်။ များသောအားဖြင့်က အစိုးရဝန်ထမ်းတွေ နဲ့ တပ်က လူတွေ။ အဲဒီတော့ ဗမာဆိုတာ ဒီလိုမျိုးပဲ လို့ သူတို့ ထင်တယ်။ အဲဒီတော့ ဗမာတွေ ရှိတဲ့နေရာကို သူတို့ ကလေးတွေကို မလွှတ်ချင်ဘူး”

ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာ နာဂဒေသတွေကို နှစ်ပိုင်း ခွဲလိုက်ပြီးတဲ့နောက်မှာ နယ်နိမိတ် နှစ်ဖက်စလုံးမှာ လက်နက်ကိုင် ပုန်ကန်မှုတွေ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံ အတွင်းက တိုက်ခိုက်မှုတွေဟာ ရပ်နားသွားတာ ဆယ်စုနှစ် ကျော်ခဲ့ပေမယ့် မကျေချမ်းမှုတွေ ကတော့ ကျန်ရှိတုန်းပါပဲ။ မြန်မာစစ်သားတွေလည်း နာဂဒေသမှာ ရှိတုန်းပါပဲ။ 

“လွတ်လပ်ရေး ရပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပြဿနာတွေ၊ ပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်သလဲ၊ ကွဲပြားတာတွေကို ဘယ်လိုဖြေရှင်းသလဲ ဆိုတာကိုကြည့်မယ် ဆိုရင် သေနတ်ယဉ်ကျေးမှုကိုပဲ တွေ့ရလိမ့်မယ်။ ၉၈၊ ၉၉ ရာခိုင်နှုန်းကို ပေါ့။ နှစ်ပေါင်း ၆၀ ကျော် ကြာလာပေမယ့် ကျွန်တော်တို့ရဲ့ အတွေးအမြင်တွေကို မပြောင်းကြသေးဘူး လို့ ထင်တယ်။ သူတို့တွေက သေနတ်ပြောင်းဝက လာတဲ့ အဖြေဟာ တည်တံ့လိမ့်မယ် လို့ ထင်တယ်။ ကျွန်တော်ကတော့ ဘယ်လို့မှ မတည်တံ့နိုင်ဘူး လို့ ထင်တယ်။ ညှိနှိုင်းဆွေးနွေးမှ၊ နှစ်ဦးနှစ်ဖက်လေးစားမှ၊ နားလည်မှ (အဖြေက) ရမှာ”

“အိန္ဒိယဘက်မှာရော မြန်မာပြည်ဘက်မှာရော လက်နက်ကိုင်အဖွဲ့တွေ အများအပြားကို မွေးထုပ်ပေးခဲ့တာ ကျွန်တော်တို့ တွေပါ။ ဒီ ပဋိပက္ခမှာ ကျွန်တော်တို့တွေ လူဦးရေ ၅ သိန်းရဲ့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒါကြောင့် အကြမ်းနည်း သုံးတာဟာ မဖြစ်မြောက်ဘူး လို့ နားလည်လာတာ။ (ဒီဆုံးရှုံးမှုတွေဟာ) ကျွန်တော်တို့အတွက် အလွန်ကို တန်ဖိုးကြီးလွန်း ပါတယ်”

“ကျွန်တော်တို့ဟာ စစ်သူကြီးယဉ်ကျေးမှုက လာတာလည်း ဖြစ်တယ်။ တစ်ချိန်က တစ်ကမ္ဘာလုံးမှာ အဆိုးရွားဆုံး လူသတ်သူတွေ ဖြစ်ခဲ့ဘူးတယ် လို့ ထင်တယ်၊ အဲဒါကြောင့်မို့လို့ အကြမ်းနည်း သုံးတာဟာ သဲသွန်ရေကျပဲ လို့ နားလည် လာတာ။ အကြမ်းဖက်တာ မှန်သမျှကို ကျွန်တော်က ရှုတ်ချတယ်”

“အခုလို ပို့စ်မော်ဒန်ခေတ်မှာ လူတိုင်းက ဘာလုပ်ရမလဲ သိတယ်။ ဘာဆိုတာကို သိတယ်။ ဒါပေမယ့် ဘယ်လို ဆိုတာကို မမြင်ကြဘူး။ ဘယ်လို လုပ်သင့်သလဲ၊ ဘယ်လိုရနိုင်မလဲ။ အဲဒါက အရမ်းအရေးကြီးတယ်” လို့ သူက ဆိုပါတယ်။ မကြာခင်က ပြောင်းလဲမှုတွေကြောင့် ဆယ်စုနှစ်များစွာ ပိတ်ပင်ထားတဲ့ တိုင်းရင်းသား ဘာသာစကားတွေကို ကျောင်းတွေမှာ သင်ခွင့်ရရှိလာပြီ ဖြစ်ပေမယ့် တစ်ကယ် အကောင်အထည်ဖော်ဖို့ ငွေကြေးမရှိကြဘူး လို့ ဆက်ပြော ပါတယ်။

“ကျွန်တော်တို့ ငြိမ်းချမ်းရေး အကြောင်းပြောတယ်။ ရင်ကြားစေ့ရေး ပြောတယ်။ ဒါပေမယ့် ဒီရှုထောင့်တွေက ကြည့်ဖို့ အရမ်းအရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ ဘာသာစကားက အဲဒီအထဲမှာပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေဟာ စာတတ်ဖို့ အခွင့်အရေး မရဘူးဖြစ်နေတယ်”

“ဘာသာစကား ဆိုတာဟာ ယဉ်ကျေးမှုတစ်ခုရဲ့ အသည်းနှလုံးပဲ။ ယဉ်ကျေးမှု ဆိုတာဟာလည်း လူ့အသိုင်းအဝိုင်းရဲ့ အသည်းနှလုံးပဲ” 

(၂၀၁၆ အောက်တိုဘာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)