ယုံကြည်မှုရှိရှိနဲ့ ပန်းချီဆွဲသူ

ယုံကြည်မှုရှိရှိနဲ့ ပန်းချီဆွဲသူ

အမရပူရ

ပုလင်းဖင် နီးပါးထူနေတဲ့ မျက်မှန်ကို တပ်လို့ ဦးအေးမြင့်ဟာ သူ့ရဲ့ ဘဝတစ်သက်တာ တလျှောက် လေ့လာပြုစုရေးသားခဲ့တဲ့ ပန်းချီတွေ၊ သရုပ်ဖော်ပုံတွေ ကို တဖြည်းဖြည်းလှန်လှော ကြည့်ရှုနေပါတယ်။ ဦးအေးမြင့်ရဲ့ မြန်မာမှု ဒီဇိုင်းတွေဟာ မြန်မာ နိုင်ငံ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ် ထိစပ် ရှိနေခဲ့ပါတယ်။ 

စစ်အာဏာရှင် ဦးနေဝင်းခေတ်က တံဆိပ်ခေါင်းတွေ၊ ပိုက်ဆံတွေပေါ်မှာ သူ့ရဲ့ ဒီဇိုင်းတွေကို တင့်တင့်တယ်တယ် တွေ့မြင်ခဲ့ရတဲ့ အပြင် အထင်ကရ စေတီဘုရား အဆူ ၂၀ က မြန်မာပန်းချီတွေကိုလည်း ကြီးကြပ်စီစဉ်ခဲ့ပြီး လစဉ်ထွက် ဘာသာရေး မဂ္ဂဇင်း တစ်အုပ်ရဲ့ မျက်နှာဖုံးပုံတွေကိုလည်း ဆယ်စုနှစ် ၂ ခုတိုင် ရေးဆွဲပေးခဲ့သူ ဖြစ်ပါတယ်။ 

ဦးအေးမြင့်ဟာ မန္တလေးတိုင်းဒေသကြီးက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုထွန်းကားတဲ့ အမရပူရမြို့မှာ နေထိုင်ပြီး သူနေထိုင်တဲ့ နေရာက ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စား ဆွဲဆောင်နေတဲ့ ဦးပိန်တံတားနဲ့လည်း နီးပါတယ်။ ဦးပိန်တံတားက တောင်သမန်အင်းကို ဖြတ်ပြီး ဆောက်လုပ်ထားတဲ့ ထူးခြား ဆန်းပြားလှပလွန်းတဲ့ သစ်သားတံတားပေါ့။  

ဦးအေးမြင့်ရဲ့ အိမ်ခြံဝင်းထဲမှာတော့ အပင်စုံတွေနဲ့ ရှုပ်ထွေးနေတဲ့ ပန်းခြံရုံတွေ ရှိနေပြီး သူ့မိသားစုဝင်တွေရဲ့ အနုပညာအလုပ် လုပ်ကိုင်နေတာတွေနဲ့ အသက်ဝင်လို့ နေပါတယ်။ ဒီဇိုင်း အရောင်တောက်တောက်ပပတွေ ဆိုးထားတဲ့ ပိတ်စတွေဟာ ဆိုးထားတဲ့ ဆေးတွေ ခြောက်သွားအောင် ချုံပုတ်တွေ ပန်းရုံတွေပေါ်မှာ တင်ပြီး လှန်းထားတာကို တွေ့မြင်နေရပါတယ်။ အဲဒီ ပန်းခြံလေးရဲ့ တစ်နေရာမှာတော့ ဦးအေးမြင့်ရဲ့ သမီး ဦးဆောင်တဲ့ အဝတ်စတွေ လုပ်နေတဲ့ ဆေးဆိုး ပန်းရိုက် အလုပ်ရုံ အသေးကလေး ပေါ့။

ဖိနပ်ချွတ်နေရာ ၀င်ဝင်ချင်း မှာတော့ ဦးအေးမြင့်ရဲ့ ပန်းချီတွေကို ဖော်ပြခဲ့တဲ့ မဂ္ဂဇင်းတွေ စာအုပ်တွေ အပြည့်တင်ထားတဲ့ စားပွဲရှိနေပါတယ်။ 

လွန်ခဲ့တဲ့ ဆယ်စုနှစ် ရ ခု နီးပါးက သူ့ရဲ့လက်ရာတွေဟာ ကရုဏာနဲ့ မေတ္တာကို အလေးပေးပြီး ရေးထား၊ ဆွဲထားတာတွေပါ။ တဖြည်းဖြည်းနဲ့ ပိုမိုဆိုးရွားလာတဲ့ မျက်လုံး အခြေအနေကြောင့် အသက် ၈၆ နှစ် ရှိပြီ ဖြစ်တဲ့ ဦးအေးမြင့်ဟာ သူအလွန် နှစ်ခြိုက်ခဲ့တဲ့ အလုပ်ကို ဆက် မလုပ်နိုင်တော့ပါဘူး။ 

အသက်ကြောင့် သူ့ရဲ့ မျက်စိအမြင်တွေ မှုန်လာသလို သူ့ရဲ့ အသံတွေလည်း တိုးတိမ်သွားခဲ့ရပေမယ့် သူ့ပန်းချီတွေက ဖော်ပြတဲ့ ကရုဏာနဲ့ မေတ္တာတွေ အကြောင်းကို သူ့ဖန်တီး ရေးဆွဲတင်ပြထားတဲ့ အနုပညာလက်ရာတွေမှာ အထင်းသား တွေ့မြင်နေရဆဲပါ။


ဦးအေးမြင့်ရဲ့ ပန်းချီတွေကို သူ့ရဲ့အိမ်စတူဒီယိုမှာ မြင်တွေ့ရပါတယ်။

အသက်ကြီးတော့ (အမွေအနှစ်) ကျန်ရစ်စေချင်တဲ့ ဆန္ဒတွေလည်း ရှိပါတယ်။ အခုတော့ မဆွဲနိုင်တော့ဘူး။ မျက်လုံး မကောင်း ဖြစ်သွားပြီ။ မျက်မှန်နဲ့တောင် ဆွဲလို့ မရတော့ဘူး။ လွန်ခဲ့တဲ့ ၄၊ ၅ နှစ် လောက်အထိ ဆွဲသေးတယ်”

“ဒုတိယကမ္ဘာစစ်ကို အရွယ်မရောက်တရောက် ကလေးသာသာအရွယ် ဖြတ်သန်းရတာ။ ကျောင်းကတော့ ဂျပန် စာသင်ကျောင်းကို သင်ရင်း ပြုရင်းနဲ့ ဂျပန် မီးရထားဌာန ကနေ စပြီးတော့ အသက်ငယ်ငယ်နဲ့ အလုပ် လုပ်ဖြစ်သွားတာ။ စစ်ပြီးခါစ စီးပွားရေး လုပ်ငန်းတွေလည်း ဖြစ်ကြ၊ အရောင်းအဝယ် ဖြစ်ကြတယ်။ အကြောင်းအရာကို ရေးဖွဲ့ပြီးတော့ ဆိုင်းဘုတ် အဖြစ် ဖော်ပြတဲ့အခါမှာ စစ် မဖြစ်ခင်ကထက် ပိုပြီးတော့ စီးပွားရေး ကြော်ငြာပန်းချီ၊ ပိုစတာတို့ ဆိုင်းဘုတ်တို့ စီးပွားကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းတွေမှာ ပန်းချီပညာ ဝင်ရောက်လာပါတယ်၊ ပန်းချီစသင်တော့ ၁၆ နှစ် ရှိပြီ

“စီးပွားရေး ကြော်ငြာပန်းချီ၊ စစ်ကြီးစခါစက အမြင်မျိုးတွေ မဟုတ်တော့ပါဘူး၊ အဖြူပေါ်အနက် အနက်ပေါ် အဖြူ သမရိုးကျ ရေးကြတာ မဟုတ်တော့ဘဲနဲ့ အတွေးခေါ်လေးပါ ပါလာပြီး ဆန်းသစ်လာ ပါတယ်”

ဦးအေးမြင့်ရဲ့ အိမ်ခြံဝင်းထဲက ပန်းခြံလေး

"အဲဒီ အချိန်အခါကလည်း လူငယ်တော်တော်များများက လက်ဝဲအယူအဆ လေ့လာရမှန်း သိကြပါ တယ်၊ နောက် နိုင်ငံရေးလောကမှာလည်း ရက်စက်တာတွေ ရိုင်းစိုင်းတာတွေ မြင်ရတဲ့ အခါကျတော့ လန့်လာပါတယ်၊ ပန်းချီဆိုတာက အများအကျိုး ဆောင်ရွက်တဲ့ သဘောတရား ရမှန်း မသိရလာတယ်”

“ဆရာတော် ရွှေကိုင်းသားတို့ဟာ အဘတို့ရဲ့ လမ်းပြ ဖြစ်ပါတယ်၊ ဆင်ယင်ထုံးဖွဲ့မှု စာအုပ်ထွက်လာပြီးတော့ ဆုရတဲ့ ဆရာပါ၊ ဆရာတော်ဆုရမှ ဟုတ်သားပဲ ဆိုပြီး ခေတ်ကို ခွဲလို့ ရတယ်၊ လေ့လာစရာ အများကြီးပဲ။ မြန်မာတွေက ဟိုး လွန်ခဲ့တဲ့နှစ် တစ်ထောင်ကလည်း ဒီလိုပဲ ဝတ်တာ စားတာပဲ၊ နှစ်တစ်ရာတုန်းကလည်း ဒီလိုပဲ ဝတ်တာ စားတာပဲ လို့ ထင်ထားတဲ့ အထင်အမြင် လျော့ပါးသွားတယ်”

ပိုက်ဆံ တစ်ကျပ်

ဦးအေးမြင့်ဟာ ၁၉၅၄ ကနေ ၁၉၇၇ အထိ အစိုးရရဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်းနဲ့ ဆောင်းဒါး ယက္ကန်းကျောင်းမှာ ဒီဇိုင်နာ အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီမှာ တံဆိပ်ခေါင်းတွေနဲ့ ပိုက်ဆံတွေကို ပုံဆွဲ ဖြစ်ခဲ့တာပါ။ ၁ ကျပ်၊ ၁၀ ကျပ်တန်နဲ့ ၂၅ ကျပ်တန်တို့မှာ သူ့ရဲ့ ဒီဇိုင်းတွေကို တွေ့ရမှာပါ။

ဒီ ဒီဇိုင်းတွေ များစွာထဲက တစ်ကျပ်တန်မှာ ပါဝင်တဲ့ ဗိုင်းငင်တဲ့ ရစ်ခုံကလေးကို သူဟာ အလွန်ပဲ နှစ်သက်ဂုဏ်ယူပါတယ်။ ဒီ ဗိုင်းငင်ရစ်ခုံလေးဟာ မြန်မာနိုင်ငံအလယ်ပိုင်းက ကျောက်ပန်းတောင်းနယ် အပါအဝင်ဒေသ အတော်များများမှာ သုံးကြတဲ့ ဗိုင်းငင် ရစ်ခုံပုံစံလေးကို ယူထားတာ ဖြစ်ပြီး အဲဒီတုန်းက ပိုပြီးလူသိများတဲ့ မောင်းထောင်နယ်က ရစ်ခုံထက်ပိုပြီး အနုစိတ်တယ် လို့ ဆိုပါတယ်။

“အဲဒါလေးက အဘကြိုက်လွန်းလို့ အလွတ်ရေးတာ။ ကျောက်ပန်တောင်းဘက်က ရစ်ခုံမှာ သံတစ်ချက် မရိုက်ဘူး။ အဲဒီတုန်းက ရစ်ခုံလေးတစ်ခုမှ ၁၃ ကျပ် လောက်ပဲ ရှိတယ်။ အခုထက်ထိ အဲဒီလို နေရာမျိုးတွေကို ကွင်းဆင်းလေ့လာရင် မြန်မာ့ဟန် မြန်မာမှုတွေ တွေ့ရလိမ့်မယ်”

“အဘတို့ (ပွဲ) မှာ တင်ပြဖို့ ဝယ်စရာရှိတာ ဝယ်မယ် ဆိုတော့ ကျောက်ပန်းတောင်ကနေ ရွာတွေဘက် သွားတယ်။ ရစ်ခုံ တစ်ခုံထဲမှာတောင် အရုပ်ပေါင်း ၆၀ ကျော်တယ်။ ပိုက်ဆံဘယ်လောက် ပေးပေး… မိဘအမွေအနှစ်မို့လို့ မရောင်းနိုင်ဘူး။ ငြင်းတယ်။ အဲဒီလိုနည်းနဲ့ အနုပညာပစ္စည်းတွေ ထိန်းသိမ်းတဲ့ ကျေးလက်တောရွာတွေလည်း ရှိသေးတယ်။ အဲဒါမျိုးတွေ ကျွန်တော်တို့က စုစည်းနိုင်ဖို့ လိုတယ်။ အဲဒီလို ထားသိုတာထက် ပိုပြီးတော့ စနစ်တကျ ထားသိုတာတွေ၊ ပျံ့နှံ့တဲ့ စာအုပ် စာတမ်း ရှိဖို့ လိုတယ် ဗျ။ အဲဒါ ကျွန်တော်တို့ အမှန် အားနည်းတယ်”

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းရဲ့ လစဉ်ထွက်တဲ့ ရတနာမွန် မဂ္ရဇင်း မျက်နှာဖုံးကို ဦးအေးမြင့် ဟာ နှစ် ၂၀ တိတိ ဆွဲခဲ့ပါတယ်။

“ဒီဟာကို ၂၀၀၄ မှာတုန်းက ဆွဲထားတာ။ မေတ္တာတွေကို ကိန္နရီ ကိန္နရာပုံ ဆွဲတာ။ ဒီပုံက ပုဂံကို ၁၉၆၀ မှာ သွားတာကနေ ရလာတာ။ ပုဂံခေတ်ဟာ ကိန္နရီ ကိန္နရာ ပုံကို အများဆုံး ထည့်တဲ့ ခေတ်လို့ ဆိုရ မလောက်ပဲ။ အတောင်ပံခတ်တယ်။ ငှက်ခြေထောက်နဲ့၊ လူကိုယ်နဲ့၊ လူကိုယ်ပါလာတော့ ဆင်ယင်ထုံးဖွဲ့မှုက လူတွေလိုပဲ ဆင်ယင်ထုံးဖွဲ့မှု ပေါ့”

"(၁၉၆၀ ခရီးက) အသက်ငယ်တုန်းက ပုဂံ မှာ နံရံပန်းချီတွေ လေ့လာရတာ။ ရပ်ရင်းနဲ့ လေ့လာရတာ”

ဦးအေးမြင့်ဆွဲထားတဲ့ ပုဂံဘုရားများ

ဦးအေးမြင့်ကို သူ့ရဲ့ တန်ဖိုးအထားရဆုံး ပစ္စည်းတစ်ခုအကြောင်း ပြောပြပါဆိုတော့ သူမျက်နှာက ဝင်းလက်သွားပါတယ်။ သူ့ကို ထိုင်နေရာကနေ ထဖို့ ကျွန်မတို့ကို အကူအညီတောင်းပြီး နောက်ဘက်ခန်းထဲက သူ့ရဲ့ ပန်းချီကား အများအပြား ထဲကနေ သူ ပုဂံကို ၁၉၇၁ တုန်းက သွားတော့ ရေးဆွဲထားတဲ့ ပုဂံဘုရားတွေရဲ့ ပုံတွေကို ရှာဖွေခိုင်းပြီး ထုတ်ပြပါတယ်။ ၁၉၇၁ ဆိုတော့ ဘုရားတွေကို စစ်အစိုးရက မပြင်ခင်ပေါ့။ 

"အခု လောလောဆယ်ဆယ်က ပုဂံဘုရားတွေ ငလျင်လှုပ်တော့ ပြိုကျပျက်စီးတာတွေ များတဲ့ အတွက် ပုဂံမှာ ကုလသမဂ္ဂ အကူအညီနဲ့ ဇယားလုပ်ပြီး ပြန်လည် တည်ဆောက်နေတယ်။ ခိုင်မာတဲ့ တည်ဆောက်မှုတွေ ပေါ့”

“အဲဒါ compare လုပ်ပြီးတော့ တစ်ကယ့် ပြင်ချင်တဲ့ သူတွေ အထောက်အကူ ရရာရကြောင်း ဆန္ဒရှိတယ်။ အဲဒါ ပြချင်တယ်”

သူဆွဲထားတဲ့ ပန်းချီတွေကို ပြနေတဲ့ ဦးအေးမြင့်

“ဘဘ ပြောချင်တာက ဘုန်းကြီးဝတ်ဖို့ ကျောင်းရှာရင်းနဲ့ ရှေးဗမာကြီးတွေရဲ့ ကရုဏာတွေ ရေးချင်တဲ့ ဆန္ဒတွေ၊ ပြောရရင် ကရုဏာ၊ မေတ္တာ စိတ်ရင်းက အင်မတန် သိမ်မွေ့ပြီးတော့ မိသားစုကြားမှာ တော်တော်အရေးကြီး ပါတယ်၊ တော်တော် တန်ဖိုးကြီး ပါတယ်၊ သမိုင်းအကြောင်းကို လေ့လာတဲ့အခါ အဲ့သလို ကရုဏာတွေတွေ့ရတဲ့ အတွက် အကြောင်းအရာ အားဖြင့် ကရုဏာကို ဦးထားပြီးတော့ ရေးမယ် (ဆိုတဲ့) စိတ်ဖြစ်လာပါတယ်။ မြန်မာလူမျိုး ဖြစ်ပြီး ဗုဒ္ဓဘာသာဖြစ်ပြီး ဗုဒ္ဓဘာသာကို အလေးအနက်ထားတဲ့ စိတ်ဓာတ်နဲ့ အကြောင်းအရာတွေ ရေးရရင်ကောင်းမှာပဲလို့ စဉ်းစားတာပေါ့”

“(လူတွေကို) အကြောင်းရှိရှိ စဉ်းစားတတ်စေချင်တယ်။ ကိုယ့်လူမျိုးကို မြှင့်တင်ပြီး သူများလူမျိုးကို မနိမ့်ကျစေချင်ဘူး။ အဲဒီ စိတ်မျိုးပဲ ရှိတယ်။ သူများလည်း အသက်ရှင်စေ၊ ကိုယ်လည်း အသက်ရှည်စေ။ သူများလည်း ပြုပြင်စေ၊ ကိုယ်လည်း ပြုပြင်စေ။ ။”

 

(စက်တင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)