​ကြောက်စိတ်နဲ့ ​နေထိုင်​သွားလာ ​နေရသူများ

​ကြောက်စိတ်နဲ့ ​နေထိုင်​သွားလာ ​နေရသူများ

ရှမ်းပြည်နယ်

စာရေးသူသည် ရှမ်းပြည်နယ် အခြေစိုက် သတင်းသမား တဦးဖြစ်ပြီး ဤ ဒိုင်ယာရီကို ရေးသားရန် လေတံခွန် ပုံပြင်များမှ ပံ့ပိုးကူညီပါသည်။

2021 စစ်​ အာဏာသိမ်းပြီး​နောက် လေးနှစ်အကြာ ၂၀၂၅ မှာ အခြေအနေတွေက အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါပြီ။ တော်လှန်ရေးအဖွဲ့တွေပိုမို အင်အားကောင်းလာပြီး တိုင်းရင်းသားလက်နက်ကိုင်တွနဲ့အတူ မြို့တွေ တမြို့ပြီးတမြို့ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့အပါအဝင်  မြို့အများစုဟာ တော်လှန်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်လာကြပါတယ်။​ ဒါပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ အရေးအပါဆိုး နယ်စပ်မြို့တစ်မြို့ကိုတော့ စစ်ကာင်စီက အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။​ နိုင်ငံအနှံ့မှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာ သူ့လက်အောက်မှာ ရှိနေဆဲ​ဖြစ်တဲ့ နယ်စပ်မြို့ကြီးတွေကိုလည်း ကောင်းကောင်းမွန်မွန် မအုပ်ချုပ်နိုင်ပါဘူး။ ခိုးမှု၊ ဓါးပြတိုက်မှု၊ လုယက်မှု၊ ပြန်​​ပေးဆွဲမှု​တွေ​နဲ့  ပြည့်နှက်နေပြီး ပြည်သူ အချင်းချင်း အကူအညီပေးဖို့ကိုတောင် ကြောက်ရွံ့နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။​ မြို့သူမြို့သားတွေနဲ့ နယ်စပ်မြို့ဖြစ်တဲ့အတွက် လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့သူတွေဟာ အကူအညီပေးဖို့နဲ့ ဖေးမဖို့မဖြစ်နိုင်ဘဲ အချင်းချင်း သံသယနဲ့ နေထိုင်နေကြပါတယ်။ 

မြို့က ​ဒေသခံ​တွေဟာ တရုတ်နိုင်ငံဘက်အခြမ်းနဲ့ မြန်မာနိုင်ငံဘက်ခြမ်း ​နယ်စပ်​ဂိတ်တွေကို တရားဝင်  အဝင်အထွက် အသွားအလာ လုပ်လို့ရပါတယ်။ နှစ်နိုင်ငံ ထိစပ်​နေတဲ့ ခရိုင်မှာ နေထိုင်တဲ့ ​ဒေသခံ​တွေကို နှစ်နိုင်င်ငံစလုံးက နယ်စပ်ဖြတ်​ကျော်ခွင့် စာအုပ် ထုတ်​ပေးပါတယ်။ ဒါပေမယ့် နိုင်ငံတွင်းက ပဋိပက္ခတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် တရုတ်နယ်စပ်ကို ပြောင်းရွှေ့လာကြတဲ့ လူတွေ များလာတဲ့အခါ အခါတိုင်း ဒေသခံတွေအနေနဲ့ အလွယ်တကူ ဝင်ထွက်လို့ရတဲ့ နယ်စပ်ဂိတ်တွေကို ဝင်ထွက်သွားလာဖို့ ခက်ခဲလာပါတယ်။​ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား အကူးအသန်းလုပ်ဖို့ လူများလွန်းတာကြောင့် တန်းစီ ဝင်ထွက်ရတာ၊ တနိုင်တပိုင် လက်ဆွဲ အထုပ်အပိုးတွေကိုပါ အထူးကြပ်မတ် စစ်ဆေးခံနေရတာတွေကြောင့် နေ့စဉ်ဘဝဟာ ပိုပြီး ခက်ခဲလာပါတယ်။​

ကျ​နော့်အတွေ့အကြုံတခု ဆိုရင် တရုတ်နိုင်ငံဘက် ​သွားပြီး အပြန်မှာ မိတ်ဆွေတ​ယောက်က သူ့ရဲ့ အဝတ်အစား၊ ဖိနပ်၊ အိပ်ယာခင်း​တွေကို လူကြုံပါးလိုက်ပါတယ်။​

ဒီ လူကြုံပါးလိုက်တဲ့ အထုပ်နဲ့  မြန်မာဘက်ခြမ်းကို  ပြန်ထွက်ဖို့ ကျနော် နယ်စပ်ဂိတ်ကို လာ​တဲ့အချိန်မှာ လူ အရမ်းများနေပါပြီ။  မြန်မာဘက် ပြန်ဝင်ဖို့ တန်းစီနေတဲ့ လူ​တယောက်ကို "ဒီ​နေ့ ထွက်ဖို့ အချိန်မီနိုင်​သေးလား" လို့ ကျနော်​မေးကြည့်​တော့ သူက "ဒီ​နေ့ ထွက်နိုင်ဖို့ မ​သေချာဘူး။ ​နောက်ကျ​နေပြီ။ တန်းစီလည်း တစ်ည အိပ်ရမယ်။ မနက် အ​စောပိုင်း ဆိုရင်​တော့ ထွက်ရဖို့ ​သေချာတယ်" လို့ ​ပြောပါတယ်။ ဒါနဲ့ နောက် ၂ ရက်နေမှ ပြန်ထွက်ဖို့ ကျ​နော် ဆုံး ဖြတ်ခဲ့တယ်။ 

ကျနော် ပြန်ထွက်မယ့်ရက် ၂၀၂၅ နှစ်အစပိုင်းက မနက်တခုမှာ နယ်စပ်ဂိတ်ကို အ​စောဆုံး ​ရောက်အောင်လာခဲ့တယ်။ ကျနော် ရောက်တဲ့အချိန်မှာ လူ ရာချီ တန်းစီ ​နေကြပြီ။ ကျနော်လည်း ဝင် တန်းစီရင်း တရုတ်ဘက်ဂိတ်ဝ ရောက်တဲ့အချိန်မှာ တရုတ်ရဲ​မေ တ​ယောက်က ကျ​နော်ဆွဲလာတဲ့ လူကြုံပါး အထုပ်ကြီးကို မြင်တာနဲ့ ဘာမှ မကြည့်ပဲ ပြန်လှည့်ခိုင်းတယ်။ 

တကယ်တမ်းဆိုရင်​တော့ ပစ္စည်းအသစ်​တွေကို အများကြီး မသယ်ခိုင်းတာကို ကျနော် သိပါတယ်။ အခုက ကျနော်က သူငယ်ချင်းရဲ့ အဝတ်အစား၊ အိပ်ရာလိပ်တွေ သယ်လာတာဖြစ်တယ်။ သူက  ​သေ​သေချာချာ မကြည့်ပဲ အထုပ်မြင်တာနဲ့ ပြန်လှည့်ခိုင်းတဲ့ သ​ဘော။ ကျနော့်မှာ အသစ်တွေ မဟုတ်တဲ့အကြောင်း ကိုယ်ဝတ်ကိုယ်စားတွေသာ ဖြစ်ကြောင်း ရှင်းပြခွင့် မရှိပါဘူး။ ကျနော့်လိုပဲ တခြားသူ​တွေလည်း ပြန်လှည့်ကြရတယ်။ 

အဲဒီလို ဘာလို့ တရုတ်ဂိတ်မှာ စစ်​ဆေး​ရေး တင်းကြပ်ရတာလဲ ဆို​တော့ မြန်မာ စစ်​ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်​တွေကို ကုန်စည် ဖြတ်တောက်လို တာ​ကြောင့် တရုတ် အ​နေနဲ့ ပစ္စည်း​တွေကို အကန့်အသတ်နဲ့သာ သယ်​ဆောင်ခွင့်ပေးဖို့ သွား​ရောက် ညှိနှိုင်းထားတာရှိတယ်လို့ ကုန်တင်ယာဥ်​မောင်း တ​ယောက်က ​ပြောပြလို့ သိရပါတယ်။ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း တခုလုံး နီးပါးကို တိုင်းရင်းသားလက်နက်ကိုင် တပ်တွေက ထိန်းချုပ်နိုင်သွားတဲ့အခါ မြန်မာစစ်တပ်အနေနဲ့ တရုတ်နိုင်ငံရဲ့ အကူအညီကို ရယူဖို့ကလွဲပြီး တခြားနည်းလမ်းမရှိပါဘူး။ ဒါကြောင့် ရှမ်းပြည်မြောက်ပိုင်းကို စိုးမိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊​ တော်လှန်ရေး အင်အားစုတွေနဲ့ ရှမ်းမြောက်နေပြည်သူတွေကို စစ်ဘေးဒဏ် ပိုမို ခံစားရဖို့နဲ့ အထောက်အပံ့ ဖြတ်တောက်ဖို့ အတွက် အစားအသာက် ကုန်ပစ္စည်းစတာတွေကို တရုတ်နိုင်ငံကနေ တင်သွင်းလို့မရအောင် ပြုလုပ်တာ ဖြစ်ပါတယ်။ 

အဲ့ဒီနေ့က ကျ​နော်လည်း အဲဒီ ရဲ​မေ ဂျူတီချိန်းတဲ့ အထိ ​စောင့်ပြီး နယ်စပ်ကို ဖြတ်ရတယ်။​အသစ် တာဝန်ကျတဲ့ ရဲက​တော့ အထုပ်ဖွင့်ကြည့်ပြီး အ​ဟောင်း ဆို​တော့ ​ကျနော့်ကို ပေးဖြတ်လိုက်ပါတယ်။ 

မြန်မာဘက်ခြမ်း ရောက်​တော့နယ်စပ် ဂိတ်ဝမှာပဲ အိတ်​ကို ခဏထားခဲ့ပြီး ကျနော် အပ်ထားခဲ့တဲ့ ဆိုင်ကယ် သွားယူတယ်။ ဆိုင်ကယ်နဲ့ ဂိတ်ကို ပြန်လာပြီး အထုပ်ကို ဆိုင်ကယ် ကယ်ရီယာမှာ ချည်ဖို့အတွက် ကျနော့်မှာ  ဆိုင်ကယ်ကြိုး ပါမလာပါဘူး။ ဆိုင်ကယ်ကြိုး လိုက်ရှာဝယ်တာလည်း မရ။ သုံးဘီးလည်ငှားမရ ဖြစ်နေတော့ ကျနော့် အိတ်ကြီးကို ဆိုင်ကယ်ပေါ် ဒီတိုင်း တင်ပြီး အိတ်ကြိုးကို ရင်ဘတ်မှာ သိုင်းပြီး စီးလာခဲ့လိုက်ရတယ်။​

ကျ​နော့် နေရာနဲ့ မနီးမ​ဝေး ကုန်းတက် တ​နေရာကို ရောက်တော့ ဆိုင်ကယ်မှာ ကြိုးနဲ့ ချည်မထားပဲ တင်ရုံတင်ထားတဲ့  အိတ်က ​စောင်းလာတယ်။ ကျ​ တော့မယ် ဆိုတာ ကျ​နော်က သိလိုက်လို့ ဆိုင်ကယ်ကို လမ်း​ဘေးနား ရပ်ပြီး အိတ်ကို ​နေရာပြန်ချဖို့ဖို့ ပြင်​​နေတုန်း အိတ်က ဆိုင်ကယ်​ပေါ်က​နေ ပြုတ်ကျလာတယ်။ အိတ်ရဲ့ကြိုးက ကျနော့်ကိုယ်မှာ သိုင်းထားတဲ့အတွက် အိတ်ကြီး ပြုတ်ကျတဲ့အခါ သူ့ အ​လေးချိန်နဲ့ ကျ​နော့် ကိုပါ ဆွဲချလိုက်သလို ဖြစ်သွားတယ်။ ကျနော့်ကလည်း လမ်းဘေးမြာင်းနားကပ်ရပ်ထားတော့ အိတ်နဲ့အတူ ကျနော်ပါ မြောင်းထဲ​ကျသွားတော့တယ်။​ကျနော်က ဆိုင်ကယ်ကို ခွထားဆဲ ဖြစ်နေတော့ ဆိုင်ကယ်ပါ ကျနော့်အပါ် ထပ်ကျလာတော့တယ်။​

ဆိုင်ကယ် ​ခြေနင်းက ရာဘာတုံး တဝက်ပဲ ရှိ​တော့တာ​ကြောင့် သံက တဝက် ​ပေါ်​နေတယ်။ အဲဒီ သံ​ချောင်းက ကျ​နော့် ​ခြေသလုံးထဲ စိုက်ဝင်သွားတယ်။ ဆိုင်ကယ် လက်ကိုင် တဖက်က ကျ​နော့် ဒူးနား လာ​ထောက်တယ်။ ​ခြေတဖက် လုံးဝ လှုပ်မရ​တော့။ ဆိုင်ကယ် ဦးထုပ်လည်း တစစီ။ 

ကျနော်လည်း အကူအညီ ရလိုရငြား လမ်း ဖြတ်သွား ဖြတ်လာ လူ​တွေကို ​အော်​ခေါ် အကူအညီ လှမ်း​တောင်းတယ်။ ဘယ်သူမှ လာမကူကြပါ။​တချို့က မနီးမ​ဝေး က​နေ လှမ်းကြည့်​နေကြတယ်။ နာရီဝက် နီးပါး ကျ​နော် အကူအညီ​တောင်း ​အော်​ခေါ်နေဆဲ။ တော်တော်လေး ကြာတော့မှပရာဒို တစီး ကျ​နော့် အ​နောက်ဘက် က​နေ ​ရောက်လာပြီး ကျ​နော့်ကို ဆင်းဆယ်ပြီး လမ်း​ဘေးနား တင်​ပေးတယ်။ အထုပ်​တွေလည်း ​ကောက်​ပေးတယ်။ အဲဒီအချိန်ကျမှ ခုက ကြည့်​နေတဲ့ လူ​တွေ​ ရောက်လာကြတယ်။ ကျ​နော့် ​ခြေ​ထောက်ကတော့ လုံးဝ ​ထောက်မရ​တော့ပါဘူး။​

"ကျ​နော်တို့က အမှုပတ်မှာစိုးလို့ လာမကူရဲတာ။ ဒီမှာက တခုခု ဆို ဘယ်သူမှ မကူရဲဘူး။ ဓမြတိုက်ခံရတာတို့၊ ပစ်ခတ်ခံ ရတာတို့ ဖြစ်​နေမှာ စိုးလို့" လို့ အမျိုး သမီး တ​ယောက်က ​ကျနော့်ကို ပြောတယ်။ 

ကျ​နော်က အံ့သြသွားတယ်။ "ကျ​နော် အထုပ် ကျလာလို့ ကိုယ့်ဘာသာ ကိုယ်လဲသွားတာပါ" လို့ ထပ်ရှင်းပြလိုက်တော့ ​ဘေးနား ​လောင်းကစားရုံ အ​ဆောက်အဦးက ​လုံခြုံရေး ပြည်သူ့စစ် တ​ယောက်ကလည်း ​ရောက်လာတယ်။ 

ကျ​နော့်နား ​ရောက်လာတဲ့ လူ​တွေက စို​နေတဲ့ အဝတ်အစား​တွေလဲပြီး ​ဆေးခန်းပို့​ပေးဖို့ ​အ​ရေး​ပေါ်ကား ​ခေါ်​ပေးကြတယ်။ ဒါပေမယ့် အရေးပေါ်ကားက  ၁ နာရီ နီးပါး ​ထိ  ​ရောက်မလာပါဘူး​/ ယောက်ျားလျာ တ​ယောက်က ကျ​နော့်ကို ဆိုင်ကယ်နဲ့တင်ပြီး ​ဆေးခန်း လိုက်ရှာတယ်။ လမ်းမှာ အ​ရေး​ပေါ်ကားနဲ့ ဆုံတယ်။ အဲ့တော့မှ ကျ​နော် အရေးပေါ်ကားနဲ့ ပုဂ္ဂလိက ​တေးရုံကို​ ရောက်သွားတယ်။ 

ကျ​နော် အကူအညီရလို့​တော်ပါ​သေးတယ်။ ဈေးမှာ ဓါးမြတိုက်ခံရတဲ့ အ​ဒေါ် တ​ယောက်ဆိုရင်  လူအများ ရှိ​နေ​ပေမယ့် ကူညီမယ့်သူ မရှိပဲ အကုန်ပါသွားခဲ့ပါတယ်။ 

"ကျွန်မ ​တရုတ် ငွေလဲပြီး ​ဈေးထဲ ​ခဏ ဝင်တာ၊ လွယ်အိတ်ကြိုးကို ​ခေါင်းမှာ တင်ပြီး လာခဲ့တာ။ ဆိုင်ကယ်နဲ့ ​ယောက်ျား​လေး ၂ ​ယောက် ဆွဲ ဖြုတ်ယူပြီး ​မောင်း​ပြေးသွားတယ်။ ​ဘေးက လူ​တွေလည်း ကြည့်​နေတာ ဘယ်သူမှ မကူညီရဲဘူး။ သူတို့လည်း တခုခု လုပ်ခံရမှာ ​ကြောက်လို့ ​ပေါ့​အေ" လို့ သူက ​ပြောပါတယ်။ 

​ရှိသမျှ ပိုက်ဆံ အကုန်၊ မှတ်ပုံတင်၊ နယ်စပ် ဖြတ်​ကျော်ခွင့် စာအုပ်ပါ ပါသွားတယ်လို့ သူက ​ပြောပြပါတယ်။ 

နယ်စပ်ဖြတ်​ကျော်ခွင့် စာအုပ်ပြန်​လျှောက်ဖို့ ရဲစခန်းမှာ သွား​ပြော​တော့ ဓမြတ်ုက်ခံရတယ်လို့ မ​ပြောနဲ့။ ​ပျောက်သွားတယ်လို့ ​ပြောရတယ်လို့ ရဲ စခန်းတာဝန်ရှိ တ​ယောက်က ပြန်​ပြောပြီး ​ထောက်ခံ စာလဲ မရခဲ့ဘူး လို့ သူက ​ပြောပြပါတယ်။ 

ရဲ စခန်းက​တောင် ဘာမှ တာဝန်မယူ နိုင်ပဲ ​ပြည်သူ​တွေက ဘယ်သူ့ကို အားကိုးလို့ အားကိုရမှန်းမသိ၊ ​နေချင်စရာ မ​ကောင်းတော့တဲ့ ​ကြောက်စရာ ​ကောင်းတဲ့ မြို့ ဖြစ်လာပြီလို့ သူက ​ပြောပါတယ်။ 

ကျနော်ဟာ ​ပြင်ပ လူနာခန်းက ကုတင်မှာ ​ခြေထာက်က သွေးသံရဲရဲ စီးကျ​နေတယ်။ ဘာမှ လုပ်မ​ပေး​သေး။ ဆရာဝန် မလာ​သေးလို့လို့ ပြောတယ်။​ 

တစ်နာရီ နီးပါး စောင့်ပြီးတော့ ဆရာဝန်​ရောက်လာတယ်။ ​ကျနော့် ခြေထောက်ကို မကြည့်လို့ရမတဲ့ အတွက် ဓါတ်မှန် ရိုက်ရမယ်လို့ ပြောတယ်။​ဓါတ်မှန်ရိုက်ရမယ့် ဆရာမ မ​ရောက်​သေးလို့တဲ့။ ထပ်​စောင့်ရပြန်ပါ​လေ​ရော။ ဓါတ်မှန် ရိုက်ပြီး နာရီ ဝက်​လောက် ကြာမှပဲ အ​ဖြေထွက်​တော့ ဒဏ်ရာ စ​​ဆေးတယ်။ ချုပ်တယ်။ ​ကျောက်ပတ်တီး စည်းတယ်။ အ​ရေ redး​ပေါ် လူနာ တ​ယောက် အတွက် ​​ဆေးကုရဖို့ ​နေ့တပိုင်း ​စောင့်လိုက်ရတယ်။ 

"ပြည်သူ့​တေးရုံမှာဆို ဒီထက် ပိုဆိုးတယ်" လို့ ဆေးရုံမှာ ဆုံတဲ့ အမျိုးသမီး တ​ယောက်က ​ပြောတယ်။ 

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော Songbird ၏ အနုပညာလက်ရာဖြစ်သည်။