စာရေးသူသည် ရန်ကုန်အခြေစိုက်ခဲ့သော အလွတ်သတင်းထောက် တစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကို သတင်းရေးသားတင်ပြမှုကြောင့် ထောင်ကျခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါသည်။ ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီပါသည်။
“ဒေါင်း…ဒေါင်း…ဒေါင်း…”
အခန်းပေါက်ဝတိုင်းမှာ အဝတ်အစိုတွေ တပုံကြီး ပိုက်ပြီး အရံသင့် ရပ်စောင့်နေကြတဲ့ အမျိုးသမီး တွေဟာ သံချောင်းခေါက်သံ ကြားလိုက်ပြီ ဆိုတာနဲ့ အပြေးပြိုင်ပွဲတွေမှာ တာလွတ်လိုက်သလိုပါပဲ။ သူ့ထက်ငါ အပြိုင် အလုအယက် တွန်းတိုက်တိုးဝှေ့ရင်း အပြင်ဘက်ကို ထွက်နိုင်ဖို့အတွက် ပြေးလွှားအော်ဟစ်သံတွေဟာ အပေါ်ထပ်နဲ့ အောက်ထပ် ၂ ထပ်စလုံး ဆူညံလို့ နေပါတယ်။
မနက်တိုင်း တန်းဖွင့်ချိန်လို့ ခေါ်တဲ့ အချုပ်သား၊ အကျဉ်းသားတွေနေတဲ့ အဆောက် အအုံအဆောင်တွေရဲ့ တံခါးတွေ ဖွင့်တဲ့အချိန် ခုနှစ်နာရီကျော်ကျော်ဆိုတာနဲ့ အဲ့ဒီ ဝရုန်း သုန်းကား မြင်ကွင်းမျိုးတွေက အင်းစိန် အကျဉ်းထောင်ထဲက အမျိုးသမီးအချုပ်ဆောင် (၃) မှာ မိုးတွင်းကာလ တခုလုံး ကြုံတွေ့ကြရတဲ့ ပုံမှန်မနက်ခင်း မြင်ကွင်းတခုဖြစ်ပါတယ်။
သူတို့တွေ ဘာကြောင့် အခုလို ပြေးလွှားနေရတာလဲ။ ဘာကြောင့် သူတို့အတွက် အခုလို အရေးတကြီး လုပ်ဆောင်နေကြရတာလဲ ဆိုတာကတော့ အဲ့ဒီအဆောင်ကို ရောက်ဖူးခဲ့တဲ့ အမျိုးသမီး အချုပ်သူတိုင်း သိနေနိုင်ပေမယ့် အပြင်လူတွေအတွက်တော့ သိနိုင်၊ ခံစားနိုင်မှာ မဟုတ်ပါဘူး။
အင်းစိန်ထောင်ရဲ့ အမျိုးသမီးအဆောင်တွေဟာ ရှိတဲ့အဆောက်အဦးနဲ့ ထားတဲ့လူဦးရေ မမျှတ ပြည့်ကျပ် နေတတ်ပါတယ်။ မိုးတွင်းကာလရောက်တဲ့အခါ အမျိုးသမီးအကျဉ်းသူတွေရဲ့ နေ့စဉ် လျှော်ဖွတ် ထားရတဲ့ အဝတ်အစားတွေ ခြောက်သွေ့ဖို့ ကိစ္စက အခက်အခဲကြီး တခုပါပဲ။
ထောင်က ဖန်တီးပေးထားတဲ့ အဝတ်တန်းတွေက မလောက်ငှတဲ့ အပြင် တန်းဖွင့်ချိန်မှာ အလုအယက် ထွက်လှမ်းထားရတဲ့ အဝတ်အစားတွေကိုလည်း မိုးပြန်ရွာတိုင်း အပြေးအလွှားနဲ့ ပြန်သိမ်းနေကြရတာကလည်း အကျဉ်းသူအမျိုးသမီးတွေရဲ့မိုးရာသီ တနေ့တာ တာဝန်တခု ဖြစ်နေခဲ့ပါတယ်။
နေ့လည်ပိုင်း ၁၁ နာရီနဲ့ နှစ်နာရီကြား တန်းပိတ်ချိန်မှာ ရုတ်တရက် မိုးရွာလိုက်ရင်တော့ ပိုဆိုးပါတယ်။ တန်းပိတ်ချိန်မှာ မိုးရွာရင် အဆောင်မှူး ခွင့်ပြုချက်ရမှသာ အပြင်အဝတ်တန်းမှာ လှန်းထားတဲ့ အဝတ်တွေကို ပြန်သိမ်းကြရ တာပါ။ အဆောင်မှူးက ခွင့်ပြုဖို့ နောက်ကျတာ၊ တံခါးသော့ လာဖွင့်တာ နောက်ကျတာဆိုရင်တော့ မစိုမခြောက် ဖြစ်နေတဲ့ အဝတ်တွေက ပြန်ပြီး ရွှဲရွှဲစိုတော့တာပါပဲ။
ဒါဟာ မိုးတွင်းကာလမှာ ပုံမှန်ကြုံတွေ့နေကြရတာပါ။ ကျမ ကတော့ တခြားသူတွေလို ပြေးလွှားမလှန်းနိုင်တဲ့အတွက် မိုးတွင်းဆိုရင် အတတ်နိုင်ဆုံး အဝတ်ပါး တွေပဲ ထုတ်ဝတ်တာမျိုး၊ ခြောက်သွေ့လွယ်တဲ့ အဝတ်တွေကို မနက်အစော လျှော်ဖွတ် ပြီးရင် မနက်ပိုင်း တန်းမပိတ်ခင် တချက် ရေစစ်သွားအောင် အပြင်မှာ ခဏတာ လှန်းလိုက်ပြီးရင် ကိုယ့်နေရာရဲ့ ခေါင်းရင်း သံတိုင်မှာပဲ လှန်းတာမျိုး လုပ်ပါတယ်။
ညပိုင်း တန်းပိတ်ချိန်ဆိုရင် ကျမ အဝတ်အများစုက အစိုဓာတ် နည်းနည်းလောက်သာ ကျန်ပါတော့ တယ်။ ကျမရဲ့ ခြေရင်းက တကိုယ်စာ အထုပ်လေးအပေါ်မှာ လွှားထားလိုက်ရင် အဲ့ဒီ အဝတ်တွေက မနက်မှာ ဝတ်လို့ရနိုင်တဲ့အခြေအနေမျိုးလောက် ခြောက်သွေ့သွားပါပြီ။ အဲ့ဒီလိုပုံစံနဲ့ ကျမ မိုးတွင်း ကာလ နှစ်ခါစလုံး ဖြတ်သန်းခဲ့ပါတယ်။
အများစုကတော့ ညနေပိုင်း တန်းပိတ်ပြီဆိုရင် မစိုမခြောက်ဖြစ်နေတဲ့ အဝတ်အထည်တွေကို ကိုယ့်ရဲ့ တကိုယ်စာ နေရာကျဉ်းကျဉ်းလေးမှာ တညလုံး စုပုံထားရတာပါ။ ညဘက်တွေမှာ အဆောင် တွေရဲ့ သံတိုင်တွေမှာ အဝတ်လှန်းခွင့် မပေးထားပါဘူး။
“စိုထိုင်းထိုင်း အဝတ်တွေကြားမှာ နေနေရတာကို မြင်ရရင် ငါတို့ဘဝကလည်း မသိရင် ခဝါသည် တန်းလျားတွေမှာ နေရသလိုပါပဲ။ ” လို့ အကျဉ်းသူတချို့က ပြောပြီး ငြီးတွားကြတယ်။
အဝတ်အစားတွေ ခြောက်သွားဖို့က အမျိုးသမီး အကျဉ်းသူတွေဟာ အမျိုးသား အကျဉ်းသား တွေထပ် ပိုပြီး လိုအပ်ပါတယ်။
တချို့ အမျိုးသမီး အကျဉ်းသူတွေမှာ မိုးတွင်းကာလတခုလုံး ခြောက်သွေ့မှု လုံလုံလောက်လောက် မရခဲ့တဲ့ အဝတ်အစား အတွင်းခံတွေကိုပဲ လဲလှယ်ဝတ်နေရတဲ့အတွက် အရေပြားတွေမှာ ယားနာတွေ ပေါက်တာ၊ ရင်သားနေရာတွေနဲ့ မိန်းမကိုယ်နေရာတွေမှာ မှိုစွဲ ယားယံမှု ပြဿနာတွေ ရင်ဆိုင်ကြရ ပါတယ်။
နောက်ဆက်တွဲအနေနဲ့ တကိုယ်လုံးမှာ ပွေးကွက်တွေ ပေါ်ပေါက်လာတာ ဦးခေါင်းတွေမှာ ဒက်တွေ ပေါက်တာ နောက်ပြီး ခြေထောက်တွေ၊ လက်တွေမှာ ဝဲ တွေ ပေါက်တာတွေ စတဲ့ အရေပြား ရောဂါတွေ အပါအဝင် နှင်းခူ ရောဂါတွေလည်း အဖြစ်များကြပါတယ်။
ဆေးကုသမှုရော ဆေးဝါးတွေပါ လုံလုံလောက်လောက် မပေးနိုင်တဲ့ မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင် တွေထဲမှာ ရောက်ရှိနေတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေအတွက်ကတော့ ကူးစက် လွယ်တဲ့ အရေးပြားရောဂါတွေကို ရေရှည်ခံစားကြရပြီး ထောင်တွင်းမှာ ပျောက်ကင်းဖို့ မလွယ်ကူ ကြပါဘူး။
မိုးတွင်းကာလမှာ ကျမတို့ အကျဉ်းသူတွေအတွက် ဒီပြဿနာ အပြင် တခြားသော အခြေအနေတွေလည်း များစွာ ရင်ဆိုင်ရပါသေးတယ်။
အကျဉ်းထောင်ရဲ့ အကျဉ်းသူ၊ အဆောက်အအုံတွေက အပြင်ကနေ အတွင်းကို ဘယ်နေရာက ကြည့်ကြည့် တိုးလျှိုပေါက် မြင်နိုင်ဖို့ တည်ဆောက် ထားတာ ဖြစ်တဲ့အတွက် သံတိုင်တွေနဲ့ ပြူတင်းပေါက်ဝတွေက အပြင် တံခါးပိတ် မရှိဘဲ အကြီးကြီး၊ အကျယ်ကြီးတွေပါ။
ညဘက်တွေ မိုး ရွာပြီဆိုရင် အဲ့ဒီ ပြူတင်းတံခါးတွေကနေ မိုးတွေ ပက်တဲ့အခါ ပြူတင်းပေါက်တံခါးနားနေတဲ့ အကျဉ်းသူတွေခမျာ မိုးလွတ်ရာ နေရာလေးတွေမှာ တိုးကပ်ပြီး တညလုံး ငုတ်တုတ်ထိုင်ကာ နေကြရပါတော့တယ်။
ပြူတင်း သံတိုင်နားမှာ မဟုတ်ဘဲ မိုးလုံ၊ လေလုံတဲ့ အဆောင်ထဲမှာ ရှိနေပေမယ့် ခေါင်က မိုးရေ မလုံလို့ ညလုံးပေါက် ငုတ်တုတ်ထိုင်နေရတဲ့ သူတွေလဲ ရှိနေကြတဲ့ အဖြစ်ကိုလည်း ပြန်လည်သတိရမိတယ်။
ကျမဆိုရင် အချုပ်ဆောင်မှာ နေရတဲ့အချိန်က မိုးတွင်းကာလမှာ အဆင်ပြေတဲ့ နေရာမှာ နေခဲ့ရပေမယ့် အကျဆောင်ကို ပြောင်းပြီး နေခဲ့ရတဲ့ ရက် လေးဆယ်ကျော်အတွင်းမှာ မိုးတွင်းမဟုတ်ပေမယ့် မိုး လေး၊ ငါးကြိမ် ရွာတာကို ကြုံခဲ့ရတယ်။
ကျမအိပ်တဲ့ ခေါင်းရင်းနေရာက သံတိုင်တွေနဲ့ ပြူတင်းဆိုတော့ မိုးရွာပြီဆိုရင် မိုး ပတ်တော့ တာပါပဲ။ ပထမတကြိမ် မိုးပက်တဲ့အခြေအနေကို ကြုံခဲ့ရပြီးနောက်မှာ အဆောင်မှူးကို ပလတ်စတစ် အကြည် အပိုင်းနဲ့ ကာပေးဖို့ တောင်းဆိုလိုက်တဲ့အတွက် ကျန်တဲ့ သုံးကြိမ်စလုံးကတော့ မိုးပက်တဲ့ဒဏ်ကို မခံစားရတော့ပါဘူး။
ဒါပေမယ့်လည်း အလုံးစုံ လုံခြုံနေတာမျိုးတော့ ဖြစ်မသွားပါဘူး။ ပလတ်စတစ်စကို မိုးရွာတဲ့အချိန် ခဏချပြီး ကျန်တဲ့အချိန်တွေ အပေါ်ကို လိတ်တင်ထားရတဲ့အတွက် မိုးရွာရင် အနားစတွေကနေ မိုးရေမဝင်ဖို့ အတော် ကြိုးစားခဲ့ရပါတယ်။
အကျဆောင်မှာ ကျမ နေခဲ့စဉ်အတွင်းမှာတော့ ညဘက် မိုးမရွာဖို့ကိုတော့ အကြိမ်ကြိမ် ဆုတောင်း မိခဲ့တယ်။ ဆုတောင်းမှုက ပြည့်ခဲ့တယ် ပြောရမယ်။ ညဘက်တွေမှာ အဲ့ဒီဒုက္ခကို မခံစားခဲ့လိုက်ရဘူး။
တချို့အဆောင်တွေမှာဆိုရင် အမိုးက ရေမလုံလို့၊ ခေါင်မိုးနေရာတွေကနေ မိုးရေက စိမ့်ကျနေလို့ မိုးရွာချိန်ဆို အဲ့ဒီအောက်မှာ နေရတဲ့ အကျဉ်းသူတွေကတော့ နေ့ဘက်မှာ တခြားနေရာကို ရွှေ့ပြီး ခဏတာ နေကြရတယ်။
နေ့ဘက်တွေမှာ ရွှေ့နေလို့ရပေမယ့် ညဘက် အိပ်ဆောင်ချရင် ပေးထားတဲ့နေရာက လွဲပြီး မရွှေ့ရတဲ့ အခြေအနေမှာ မိုးရွာပြီဆိုရင် တညလုံး မိုးရေ စိမ့်တဲ့နေရာမှာပဲ ဖြစ်သလို ငုတ်တုတ်ထိုင်နေပြီး ညဘက် ကုန်ဆုံးရတာမျိုးတွေကိုလည်း ကျမမြင်ခဲ့ရတယ်။
နောက်တခုက မိုးအရွာများပြီ ဆိုရင် ရေကြီးတဲ့ အခြေအနေပါ။ အိပ်တဲ့အဆောင်အထိ ရေမရောက်ပေမယ့် အဆောင်ရဲ့ အပြင် လျှောက်လမ်း တွေမှာတော့ ရေတွေ တင်နေတတ်ပါတယ်။
ထမင်းယူ၊ ဟင်းယူတာက အစ စားပြီးသား ကော်ခွက်၊ ကော်ပုဂံတွေ ဆေးတာ၊ ရေချိုး၊ အဝတ်လျှော် တာ အဆုံး အဆောင်အပြင် ထွက်လုပ်နေရတာကြောင့် အကျဉ်းသူများ၊ အကျဉ်းသားများ အတွက်တော့ ရေထဲမှာ ခေါက်တုန့်ခေါက်ပြန် ဖြတ်သွား၊ ဖြတ်လာနေရတဲ့အတွက် နောက်ဆက်တွဲ ဖျားနာတာတွေ ဖြစ်ကြရပါတယ်။
ဖျားနာတဲ့အခါမှာလည်း ထောင်တွင်း ဆေးရုံမှာ သွားပြနိုင်ဖို့အတွက် မိုးတွင်းကာလလို မှာ အဆောင်အပြင် သွားလာရာမှာလည်း ခက်ခဲကြပါတယ်။ ကျမကတော့ မိုးတွင်းဆိုရင် ကိုယ်နေတဲ့နေရာမှာပဲ ကျောက်ချထားသလို ဘယ်မှ မထွက်၊ မသွားတော့ဘူး။ ကျမက မိုးတွင်းဆိုရင် မိုးလုံ၊ လေလုံရှိတဲ့ အိမ်လို နေရာမှာ လုံလုံခြုံခြုံနဲ့ နွေးနွေးထွေးထွေး နေရတာကို ကြိုက်တဲ့ သူမျိုးဆိုတော့ ထောင်ထဲမှာ ရှိနေစဉ်အတွင်းမှာ မိုးရွာပြီဆို ကျမအတွက် စိတ်ရှုပ်ထွေးစရာ အခြေအနေတခုလို့ ပြောလို့ရတယ်။
ကျမတို့ အကျဉ်းသူတွေဟာ ထောင်တွင်းဆေးရုံ သွားပြရတာမျိုး၊ တရားရုံး ရုံးထွက် သွားရတဲ့ အခါမျိုးတွေမှာဆိုရင် မိုးရေထဲမှာ ထီးအစား တာပေါ်လင် (ပလတ်စတစ်စလိုမျိုး တာလပတ်စ) အပိုင်းအစ အရှည်တွေကို လေး၊ ငါးယောက် တတွဲနှုန်းနဲ့ ခေါင်းပေါ်တင်ပြီး ခေါင်းကို မိုးရေလွတ်ယုံလေး ဆောင်းပြီး သွားလာရတာမျိုးပါ။ မိုးများတဲ့ အချိန်ဆိုရင် ခေါင်းက ဆံပင်ကလွဲ တကိုယ်လုံး ရွှဲရွှဲစိုစိုနဲ့သာ အဆောင်ကို ပြန် မရောက်မခြင်း နေရတာမျိုးပါ။ ဒီလို အခြေအနေကြောင့်ပဲ မိုးတွင်းဆိုရင် အကျဉ်းသူ၊ အကျဉ်းသား အများစုဟာ ဖျားနာတာတွေ သိသိသာသာ ခံစားကြရပါတော့တယ်။
ဒါကြောင့်လဲ မြန်မာနိုင်ငံက အကျဉ်းထောင် မှာ ရောက်နေရတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေအတွက်ကတော့ ထောင်ဆိုတာ နေ့ငရဲ၊ ညငရဲ အပြင် ရာသီအလိုက် ရင်ဆိုင်ရတဲ့ အခြေအနေတွေကြောင့်လဲ တပူပေါ် နှစ်ပူဆင့် ငရဲခန်းလို အဖက်ဖက် ကျပ်တည်းနေတဲ့ နေရာမျိုးလို့သာ ဆိုရတော့မှာ ဖြစ်ပါတယ်။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော JC ၏ အနုပညာလက်ရာဖြစ်သည်။





