ဒီဒိုင်ယာရီကတော့ ချင်းပြည်နယ်က အလွန်ခင်မင်တဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ စာရေးသူဟာ ချင်းပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါတယ်။
စစ်ကိုမုန်းတယ်။ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ အာဏာရှင်ကိုမုန်းတယ်။
လူမျိုးသုန်းသတ်ဖြတ်မှုတွေအောက်မှာလူမရှိတော့တဲ့အိမ်တွေ၊ အိမ်မရှိတော့တဲ့လူတွေ၊ ခြေတောက် မရှိတော့တဲ့ဖိနပ်တွေ၊ ဖိနပ်မရှိတော့တဲ့ခြေတောက်တွေ၊ အမေလို့ ခေါ်စရာ မရှိတော့တဲ့ သားတွေ၊ သားလို့ခေါ်စရာမရှိတော့တဲ့အမေတွေ၊ အာဏာရှင်ရဲ့တစ်ဖက်သပ် ထိုးစစ်တွေ အောက်မှာ ရှင်ကွဲလဲကွဲကြတယ်။ သေကွဲလည်းကွဲကြတယ်။ မနက်ဖန် ဟာ ကျည်ဆန် တွေနဲ့နိုးထရဦးမယ်။
သေသူမှာအသက်ရှုရပ်လို့၊ ရှင်သူမှာအသက်ရှုကြပ်နေတဲ့ခေတ်ပျက်ကြီးမှာ စစ်အာဏာရှင် တွေပြုတ်ကျမှဖြစ်မယ်။ အာဏာရှင်တွေရှိနေသမျှ ကာလပတ်လုံး ဒီလိုအဖြစ်ဆိုးတွေ ကြုံတွေ့နေရအုံးမှာပါပဲ။ အနာဂတ်တွေ ပျောက်ရှနေအုံးမှာပဲ။ ဝါသနာနဲ့ ဘဝတစ်ခုတည်ဆောက်ချင်တဲ့ အိပ်မက်တွေဝေးနေအုံးမှာပဲ။ သူ့မှာလည်း အိပ်မက်တွေရှိခဲ့တာပေါ့။
ရိုးရာလက်ဝှေ့မှာ ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံ ဖြစ်ချင်ခဲ့တယ်။
ချန်ပီယံဖြစ်ဖို့လည်း အရမ်း မဝေးတော့ပါဘူး။ နိုင်ငံအတွက် ဂုဏ်ယူရတဲ့ ဆုရဖူးခဲ့သူတစ်ဦးလဲ ဖြစ်တယ်။
ပြည်နယ်ကလက်ဝှေ့ဝါသနာပါတဲ့ကလေးတွေကိုမြေတောင်မြောက်ပေးချင်တယ်။အားကစားဟာအဆင့်အတန်း၊ လူမျိုး၊ ဘာသာမခွဲခြားထားဘူး။ သို့ပေမယ့် မြန်မာပြည်မှာတော့ နယ်စွန်နယ်ဖျားက ကလေးတွေဟာ ပိုရုန်းကန်ရလေ့ရှိတယ်။ သူလည်း အများကြီးရုန်းကန်ခဲ့ရတယ်။ အခက်အခဲတွေတွေ့ရတယ်။ ဒုက္ခတွေ ကြုံရတယ်။ သူဟာလက်ဝှေ့လောကမှာ တက်သစ်စ လူသစ်တန်းမှာ အလားအလာရှိသူ တစ်ယောက်။
ဒါပေမယ့် သူဟာ လက်ဝှေ့ထိုးတာအပြီးမှာ ဒေသအကျိုးပြုNGOတစ်ခုမှာ အလုပ်ဝင်ခဲ့တယ်။ လက်ဝှေ့ကို တော့ ရံဖန်ရံခါပဲကစားဖြစ်တယ်။ ဒီလိုနဲ့ပြည်နယ်က ကလေးတွေကို သင်ကြားပေးချင်တယ်။ မြေပြန့်နဲ့တောင်ပေါ်ဟာ အရည်အသွေးတူတူပဲ ဆိုတာကို ပြသချင်တယ်။ သူသိတဲ့အသိတွေကို ပြန်မျှဝေချင်တယ်။ သူ့စိတ်ကူးတွေ၊ သူ့အိပ်မက်တွေဟာ တောင်တန်းကြီးတွေလိုပဲခိုင်မာသထက် ခိုင်မာလာတယ်။ လက်ဝှေ့ဝါသနာပါတဲ့ ပြည်နယ်က ကလေးတွေအောင်မြင်မှုရစေရမယ် … … … ဟေ့။
ဒါပေမယ့်စစ်တပ်ကအာဏာသိမ်းချိန်ကစလို့ သူ့အနာဂတ်တွေ၊ သူ့ရည်မှန်းချက်တွေ အားလုံး၊ အားလုံး ပြိုကျပျက်စီးသွားတယ်။ အာဏာရှင်တွေရှိနေသမျှ ကာလပတ်လုံး အိပ်မက်တွေ အနာဂတ်တွေ ရှိလာမှာမဟုတ်ဘူး၊ အထူးသဖြင့် အားကစားလောကပေါ့။ ဒါကြောင့်လည်း သူငြိမ်းချမ်းစွာဆန္ဒပြခဲ့တယ်။ တစ်ရက်မဟုတ်ဘူး၊ နှစ်ရက်မဟုတ်ဘူး၊ ရက်ပေါင်းများစွာ ဒါပေမယ့် အာဏာရှင်ဟာ အာဏာရှင်ပီသစွာနဲ့ပဲ လက်နက်မဲ့ပြည်သူကို သေနတ်တွေနဲ့ရက်ရက်စက်စက်ပစ်ခတ်ခဲ့တယ်။ သတ်ခဲ့တယ်။
အာဏာရှင်ကိုဖြုတ်ချဖို့ အနုနည်းနဲ့မရတဲ့အခါမှာအကြမ်းနည်းနဲ့ပေါ့ ဒီလိုနဲ့ သူလက်နက်ကိုင် လာခဲ့တယ်။ ကိုယ့်ပြည်နယ် ကိုယ့်တိုင်းပြည်အတွက် အရာအားလုံးကို စွန့်ခဲ့တယ်။ ဖက်ဒရယ်ဒီမိုကရေစီရမှ သူ့ပြည်နယ် တိုးတက်မယ်ဆိုတာသူသိတယ်။ စကစနဲ့တိုက်တဲ့ပွဲ တွေမှာသူပါခဲ့တယ်။ ဒါပေမဲ့သူဒဏ်ရာရသွားခဲ့တယ်။ ရသွားတဲ့နေရာကလည်း လက်ဖျံရိုးတစ်ချောင်း ကျိုးသွားတယ်။ ကျန်တစ်ချောင်း အက်သွားတယ်။ သူဝါသနာပါတဲ့လက်ဝှေ့ထိုးမရတော့ဘူး၊ သူဖြစ်ချင်ခဲ့တဲ့ လက်ဝှေ့ချန်ပီယံလည်း မဖြစ်နိုင်တော့ဘူး။
ဒါပေမဲ့ သူစိတ်ဓါတ်မကျခဲ့ဘူး။ တက်မရှိရင် လက်ထိုးလှော်မဲ့ဆိုတဲ့လူစားမျိုး၊ တိုက်ပွဲတွေမှာသေနတ်မကိုင်တဲ့သူဟာ ကင်မရာပြောင်းကိုင်ခဲ့တယ်။ စစ်မြေပြင် အခြေနေတွေကို ဓါတ်ပုံရိုက်တယ်။ ၂၁ရာစုမှာကင်မရာဟာ သေနတ်တစ်လက်လိုပဲ အသုံးဝင်ခဲ့တယ်။ ပြည်နယ်က တက်လာတဲ့ တိုက်ပွဲသတင်းဓါတ်ပုံ တော်တော်များများက သူ့လက်ရာတွေချည်းပဲ။
သူဟာကင်မရာတစ်လုံးနဲ့ ပြည်မကသူတွေကို အမှာပါးနေတဲ့သူ။ တော်လှန်ရေးမှာ သူသာတယ်။ ငါနာတယ်ဆိုတာမရှိဘူး။ ဘယ်အရာကငါပါဝင်ရမလဲ။ အရေးကြီးတာက တော်လှန်ရေးမှာ နည်းမျိုးစုံနဲ့ပါဝင်နေဖို့ပဲ။ ဒီစိတ်နဲ့သူဟာ နေထိုင်ခဲ့တယ်။ ဒီစိတ်နဲ့ သူဟာ ရှင်သန်ခဲ့တယ်။ လောလောဆယ်မှာ သူ့အိပ်မက်တွေကို မေ့ထားတယ်။ အာဏာရှင်ဖြုတ်ချရေးသည်သာ နံပါတ်တစ်ဖြစ်တယ်။
ဓမ္မနှင့်အဓမ္မတိုက်ပွဲမှာ ဓမ္မပဲနိုင်မယ်ဆိုတာသူသိတယ်။ ဒါပေမယ့်သူမျော်လင့်နေတာက လက်နက်။ စကစကို အပြတ်တိုက်ဖို့ လက်နက်လိုတယ်။ ရိက္ခာလိုတယ်။ လက်နက်သာ လိုသလောက်ရရင် ဒီတော်လှန်ရေးကြီးကမြန်မြန်ပြီးသွားလိမ့်မယ်။
သူလည်းမြန်မြန်ပြီးစေချင်ပြီ။ ဘာလို့လဲဆိုရင်။ သူ့မှာမက်ခဲ့တဲ့အိပ်မက်ရှိတယ်။ သူကတော့ လက်ဝှေ့သမားအဖြစ်ရပ်တည်လို့မရတော့ပေမယ့် လူငယ်တွေအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်စေချင်တယ်။ ပြည်နယ်ကလူငယ်တွေနဲ့ မြို့ပြကလူငယ်တွေ အရည်ချင်းတူတူပဲဆိုတာ လက်တွေ့ပြချင်တယ်။ မြေပြန့်တောင်ပေါ် အတူတူပဲဆိုတာ သက်သေပြဖို့ဆိုရင် စစ်အာဏာရှင်တွေ မရှိမှဖြစ်မယ်။
ဖက်ဒရယ်ဒီမိုကရေစီရဖို့ လိုတယ်။ ဒါကြောင့်သူတို့တွေ အသက်စွန့်ပြီးတိုက်ယူနေတယ်။ အောင်ပွဲရလာမယ့် နေတွေကိုလည်းမျော်နေမိတယ်။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော အမည်မဖော်လိုသည့် သရုပ်ဖော်သူတစ်ဦး၏ အနုပညာလက်ရာဖြစ်သည်။