ပြန်လည်တွေ့ဆုံခြင်း - အပိုင်း ၁

ပြန်လည်တွေ့ဆုံခြင်း - အပိုင်း ၁

ရန်ကုန်

စာရေးသူသည် ရန်ကုန်တိုင်း မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

စစ်အာဏာသိမ်းပြီးတစ်နှစ်ကျော်ကျော် ကျွန်မရဲ့ညီမနဲ့ သူ့သူငယ်ချင်းတစ်စု မဆုံဖြစ်ကြတော့ဘူး..အရင် တစ်ချိန်က နှစ်ပတ်တစ်ကြိမ်လောက် တွေ့ဖြစ်ခဲ့ပေမယ့် ဖေဖော်ဝါရီ ၂၀၂၁ ရဲ့ နောက်ပိုင်းကာလတွေမှာ တော်လှန်ပန်းတွေ ကြားထဲ သူတို့ အားလုံးလဲ ပုံစံအမျိုးမျိုးနဲ့ ပွင့်ခဲ့ကြတယ်... တစ်ချို့က စစ်ကြောရေးမှာ တစ်ချို့ က ထွက်ပြေးပုန်းရှောင်..တစ်ချို့က ပေတရာလမ်းပေါ်မှာ အပြီးကျန်ခဲ့ကြပြီ....

နိုဝင်ဘာလရဲ့ တစ်ညနေခင်းမှာ တော့ သူတို့ လူငယ်တစ်စု တွေ့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်.. ပဲခူးက resort တစ်ခုမှာပါ... ရန်ကုန်မှာ ရှိသမျှ Nightclub နဲ့ bar တွေ အကုန်ပြန်ဖွင့်နေတာသိပေမယ့် သူတို့ မသွားဖို့ဆုံးဖြတ်ခဲ့ကြတယ် သူတို့ရည်ရွယ်ချက်က အရင်လို ဆုံရင် ဂိမ်းဆော့မယ်.. အရက်သောက်မယ်... အသုံးဆောင်တွေ အကြောင်းပြောမယ် မဟုတ်ပဲ လွတ်လပ်အေးချမ်းတယ်လို့ ထင်တဲ့နေရာမှာ စကားတွေပြောချင်တယ်.. ခံစားနေရတာတွေကိုမျှဝေချင်ကြတယ်လို့ ဆိုတယ်…

သူတို့ရဲ့ ညစကားဝိုင်းကို ချစ်စု (နံမယ်အရင်းမဟုတ်) နဲ့ အစပြုခဲ့ကြတယ်... သဘောကောင်းတဲ့ ဖော်ရွေတဲ့ ချစ်စု ကျန်ခဲ့တဲ့နှစ်လကစပြီး အလုပ်မရှိတော့ကြောင်း နဲ့ ကိုယ်တိုင်ထွက်ခဲ့တာဖြစ်ကောင်း သူငယ်ချင်းတွေကို အသိပေးခဲ့တယ်...

သူမက ရေချိုးခန်းသုံးပစည်းတွေကို အရောင်းမြှင့်တင်ပေးရတဲ့ ဝန်ထမ်းတစ်ယောက်။ နယ်ကလာပြီး အဖွားနဲ့ အတူနေပြီး ရပ်တည်ရေး အတွက် လစဥ် ၃သိန်းခွဲ ၄ သိန်းရှိမှ အဆင်ပြေတယ်လို့ဆိုတယ်.. ဒါပေမယ့် ပြီးခဲ့တဲ့ လ မှာ ၃ ကြိမ်လောက် ခြောက်ခြားစရာဖြစ်ရပ်နဲ့ကြုံခဲ့ရတဲ့ အတွက်အလုပ်နားခဲ့ရတယ်..

ချစ်စုရဲ့ ပုံမှန်အလုပ်ပြန်ချိန်ဟာ ၅ နာရီ နဲ့ ၆ နာရီကြားဖြစ်ပြီး တစ်ညနေ အပြန်လမ်းမှာ လူသူလဲ မပြတ်ပါပဲ အမျိုးသားသုံးဦး အနောက်က လိုက်လာပြီးဖုန်းနဲ့ ငွေသားများ ထားခဲ့ဖို့နဲ့ မပြေးဖို့ နောက်မှ နေပြီး ခြိမ်းခြောက်ခဲ့ကြတယ်... သူမလဲ လူမပြတ်တာမို့ ပြေးခဲ့ပြီး စတိုးဆိုင်ထဲဝင် ခြေရာဖျောက်ခဲ့ကြောင်းနဲ့ သူငယ်ချင်းကိုဖုန်းဆက်အကူအညီတောင်းပြီးအိမ်ပြန်ခဲ့ရတယ်လို့ အတွေ့အကြုံကို မျှဝေခဲ့တယ်…

နောက်တစ်ခါ ရုံးအပြန် လိုင်းကားစီးတဲ့ အခါ မလုံခြုံမှုကိုခံစားရတဲ့အတွက် ကားငှားဖို့ ဆုံးဖြတ်တဲ့ ညနေခင်းမှာလဲ Taxi Driver ရဲ့ နှောက်ယှက် ခြိမ်းခြောက်တာကိုခံခဲ့ရတယ်။

ကြောက်စိတ်မပြေသေးတဲ့အတွက်ကြောင့် ပုံမှန်မဖြစ်ခင် ညနေခင်းသူငယ်ချင်းနဲ့ ကားကြုံလိုက်ရင်းတစ်ညနေ  ချစ်စုရဲ့  အိမ်နား ရောက်ခါ နီး မှာ စစ်သားတွေကားတားတာခံရတယ်.. ဒီအဖြစ်အပျက်ဟာ အတော်လေးဆိုးဝါးခဲ့တာမို့ အလုပ်နားဖို့အထိ ဆုံးဖြတ်ခဲ့ရတယ်လို့ ဆိုတယ်..

မှတ်မှတ်ရရ စစ်သားတွေက ၄ယောက်.. နှစ်ယောက်က ချစ်စုရဲ့ သူငယ်ချင်းကောင်လေး ဘက်ကို တံခါးဖွင့်ခိုင်းပြီးသူ့ကို အပြင်ကိုဆွဲထုတ်တယ်.. ကျန်နှစ်ယောက်က သူမ ထိုင်ခုံ နောက်ခန်းကို ဝင်ထိုင်တယ်..
စစ်သားနှစ်ယောက်ပြောတဲ့စကားလုံးတွေကို သူမ ပါးစပ်မှပြန်ထွက်မလာပါ... တော်တော် ယုတ်မာတာ.. တော်တော်ညစ်ပတ်တဲ့စကားတွေလာပြောတယ်ဆိုပြီး ပဲသူမ ပြန်ပြောပြနိုင်ခဲ့ပါတယ်...

ဒါပေမယ့် အဲဒီအချိန်မှာတော့ သူမ ခန္ဓာကိုယ်ကို ထိပါးခံရတော့မယ်ဆိုတဲ့ ခံစားချက်သူမ မှာ အသေအချာရှိနေခဲ့တယ်လို့ ဆိုပါတယ်...မှတ်မိနေတာကတော့ တောက်လျှောက် တောင်းပန်ပါတယ်လို့ပြောခဲ့တာ.. သူတို့ ကပိုက်ဆံဘယ်လောက်ပါလဲမေးတဲ့အခါ ဘာမှ မပြောတော့ပဲ ပိုက်ဆံအိတ်ထဲ ရှိသမျှ တွေထိုးပေးခဲ့တယ်. စုထားတဲ့ မုန့်ဖိုး ၄သောင်းနီးပါးပါသွားခဲ့တယ်..တစ်ဖက်မှာ သူငယ်ချင်းကောင်လေးရဲ့ဖုန်းကိုစစ် ခြိမ်းခြောက်ပြီး ပိုက်ဆံတွေယူသွားခဲ့တယ်…

နောက်ဆုံး သူငယ်ချင်းကို ကားထဲ ဆောင့်တွန်းပို့ပြီး ချစ်စု နောက်က ထိုင်နေတဲ့ နှစ်ယောက် အပြင်ထွက်သွားတဲ့အချိနမှာ သူမ ဘဝမှာ သေလမ်းက ပြန်လာနိုင်သလိုအထိ ခံစားခဲ့ရတယ်လို့ ပြောရင်း မျက်ရည် တချို့နဲ့ ရှိုက်သံပါတဲ့အထိ ဖြစ်ခဲ့တယ်..ဒီအဖြစ်အပျက်ကို ဘယ်သူ့ကိုပြောရမှန်း ဘယ်အဖွဲ့အစည်းကိုတိုင်ရမှန်းလဲ မသိရတဲ့အခြေအနေကြောင့် အတော်ပဲစိတ်အားငယ်ရတယ်လို့ပြောပြီးသူမစကားကို အဆုံးသတ်ခဲ့တယ်....

ဒီအကြောက်တရားကြောင့် ဝမ်းရေးအတွက် လိုအပ်တာမှန်းသိပေမဲ့ အလုပ်ထွက်ဖို့ဆုံးဖြတ်ခဲ့ပြီး ရုံးပြန်ချိန် ဖယ်ရီစီစဉ်ပေးနိုင်တဲ့ အလုပ်မျိုးသာရှာနေစ်တယ်လို့ သူငယ်ချင်းတွေကိုရင်ဖွင့်ခဲ့တယ်.....

ဒီလိုနဲ့ လူငယ် ၉ ယောက်တွေ့ဆုံတဲ့ညချမ်းဟာ...မျက်စိရှေ့အတူ တော်လှန်ရေးလုပ်ရင်းသွေးသံရဲရဲနဲ့ သေဆုံးသွားခဲ့သူငယ်ချင်းအတွက် မျက်ရည်တွေ...အင်းစိန်ထောင်ဆိုတာ ဘာလဲ ဒီအသက် ၂၀ ဝန်းကျင်နဲ့ သိခဲ့ရပြီး ၆လ ကြာ ရင်ဆိုင်ခဲ့ရတဲ့ လူငယ်တစ်ယောက်ရဲ့ ငရဲခန်းအပြန်အတွေ့အကြုံတွေ... လက်နက်ကိုင်တိုက်ပွဲဆက်ဝင်ဖို့ဆိုပြီး ဆုံးဖြတ်နှုတ်ဆက်သွားတဲ့ သူငယ်ချင်းတွေကို ပြန်မြင်ချင်တာ..... စတာတွေကို ရှိုက်သံတစ်လှည့် ရယ်သံ တစ်ချို့နှောပြီး အဆုံးသတ်ခဲ့တယ်

အရက်ခွက် ကိုယ်စီကိုင်ပြီး လက်တွေ မြောက်ကာ ....ငါတို့ လိပ်ပြာလုံတယ် သူငယ်ချင်း..
အရင်လို ရန်ကုန်ညတွေမှာ ငါတို့ပြန်ဆုံကြအုံးမယ်...သူငယ်ချင်းတို့ ရေတဲ့.....

အာဏာသိမ်းနေ့စွဲပေါင်း ၇၂၀ကျော်ပါပြီ…. မိတ်ဆွေ အပေါင်းအသင်း မိသားစုတွေရဲ့ အဆင်မပြေမှု တွေကြေကွဲစရာ သတင်းတွေနဲ့ တော်လှန်နေ့စွဲတွေကိုမှတ်တမ်းတင်နေတာ ကျွန်မ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ ကို အသက် ၂၁ ဝန်းကျင်ရှိကြတဲ့ ညီမဖြစ်သူနဲ့ သူငယ်ချင်းများက သက်သေပြခဲ့တယ်...

ညီမလုပ်သူက ဒီညအကြောင်း ဖုန်းနဲ့ပြောပြတော့ .... ကျွန်မ ၁၀ မိနစ်လောက် နှုတ်ဆိတ် နေခဲ့ပြီး အသက်ရှုမိသလားတောင် မမှတ်မိ... တစ်ဖက်က ရှိုက်သံတစ်ဝက်နဲ့အားတင်းပြောနေတာကိုလည်း ခံစားမိနေတယ်...

ကျွန်မတို့ ညီမ နှစ်ယောက်ရဲ့ ရှိုက်သံတွေ... ရန်ကုန်ရဲ့ ရှိုက်သံတွေ...မြန်မာပြည်သူတွေရဲ့ ရှိုက်သံတွေ.... အမြန်ကုန်လွန်ပါတော့လေ...
 

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales မှ ပံ့ပိုးကူညီမှုရရှိနေသည့် Songbird၏ အနုပညာလက်ရာဖြစ်သည်။